နှုတ်ဆက်လေသော ဝိညာဉ်၊ အပိုင်း ၂


နှုတ်ဆက်လေသော ဝိညာဉ်၊ အပိုင်း ၂

နောက်ပါးမှ အသံကြောင့် လှည့်ကြည့်မိတော့ ကွယ်လွန်သူ ဒေါ်မိမိသွယ်၏ အစ်မ ဒေါ်စန်းစန်းမြပင်။

"စောကြီး ရှိသေးတယ်လေ ဒေါ်လေး"

"စောတယ် မလုပ်နဲ့ နင် ညီမတွေ ညီတွေ ညစာစားဖို့ ရှိသေးတယ်"

"ပြီးရောလေ သားတော့ ၁၂ နာရီမှ ပြန်ခဲ့မယ်"

"၁၂ နာရီ "

ဒေါ်စန်းမြ ခဏမျှ စဥ်းစားလိုက်ပြီး 

"၁၂နာရီ အထိ လုပ်မနေနဲ့ စောစောပြန်အိပ် ၁၂ နာရီ ဆို ဝိညာဥ်တွေ အိမ်ပေါ်က ဆင်းတာ "

"ဟာ အဒေါ်လေးကလဲ ကြောက်စရာမရှိ ကြံဖန်ကြောက်နေတယ်"

"ကြောက်လို့တော့ ဘယ်ဟုတ်မလဲဟယ် နင်ကလဲ "

"မဟုတ်ရင်လဲ သွားတော့"

"အေးပါဟယ်"

ဒေါ်စန်းမြ တစ်ယောက် မင်းအောင်ကို ပွစိပွစိ ပျစ်တောက်တောက်ပြောရင်း နာရေးအိမ်မှ ထွက်ခွာသွားလေတော့သည်။ မင်းအောင်လဲ ထန်းရည်လေး သောက်လိုက် အမြည်းလေး စားလိုက် ဖဲဝိုင်းတွင်သာ အချိန်ဖြုန်းလျှက်ပင်။

             ။ ။

"ဒေါ်လှပြုံးရေ ကျွန်တော်ပြန်တော့မယ်"

ဒေါ်လှပြုံး ဆိုသည့်မှာ ဒေါ်မိမိသွယ် အစ်ကို၏ ဇနီးပင်။

ဒေါ်လှပြုံး သူကို တစ်ချက်ကြည့်ပြီး

"ပြန်တော့မှာလား ဒီမှာ ညအိပ်ပါလား"

"မအိပ်တော့ဘူး မနက်စပါးချင် သွားရမှာမို့ ကိုလေးတို့ လာခေါ်ရင် အဆင်သင်ါဖြစ်အောင်လို့ "

"အေးပါ အဲ့ဒါဆိုလည်း ပြန်ပေါ့ တော်ကြာ မိသွယ် လိုက်လာရင်တော့ အမလေး မတွေးရဲစရာ ဒီအချိန်က မိသွယ် အိမ်ပေါ်က ဆင်းမဲ့အချိန်"

ဒေါ်လှပြုံးက ကြောက်လန့်သည့် ဟန်ပန်လုပ်ပြလေရာ ထန်းရည်ထွေနေသော မင်းအောင်လည်း အနည်းငယ်တော့ ကြောက်ဒူး တုန်လာရပြန်ပါသည်။ သို့ပေမယ့် ကြောက်လန့်သည့် အမူအရာကို ဖယ်ပြီး

"ဟာ ဒေါ်လှပြုံးကလဲ အသားလွှတ် လာဖြဲခြောက်နေသေးတယ် ဒေါ်လှပြုံးတို့သာ ကြောက် ကျွန်တော်တော့ ပြန်တော့မယ်"

လူက ​ အိပ်ချင်နေပေပြီ။ ထန်းရည်က သောက်လေ မမူးပေ။ ဗိုက်ကြီးတင်းပြီး အိပ်ချင်နေလေသည်။ ထိုကြောင့် စမ်းချောင်းရိုး တစ်လျှောက် အိမ်ပြန်ခဲ့လေသည်။

ပါးစပ်မှလည်း 

"ဒေါ်လေးရေ လိုက်ချင်ရင် လိုက်ခဲ့ ဒေါ်လေးရှိစဥ် အိမ်လိုက်မယ်ပြောတာ သားမခေါ်မိလို့" ဟု ပြောကာ လမ်းလျှောက်ပြန်ခဲ့လေသည်။

လမ်းတစ်ဝက်အရောက်တွင်တော့

"ရှပ် ရှပ် ရှပ်"

ဖိနပ် ရှပ်တိုက်သံ။

နောက်မှ လူပါလား။ လှည့်ကြည့်သော်လည်း မတွေ့ရ။ 

လူက ခေါင်းနပန်းတွေ ကြီးလာလေသလို ချမ်းအေးနေသည့် ဆောင်းရာသီမှာပင် ချွေးတွေ ပျံလာရလေပြီ။

သွားပြီ။ ခေါ်မိတာ မှားပြီ ဟူသော အသိက အတွေးထဲသို့ တိုးဝင်လာပြီး မကြာမီ အချန်တွင် အပုပ်နံ လှိုင်လှိုင်ကို ရခဲ့လေသည်။

"ဒေါ်လေး မ~မ~~မခြောက်နဲ့နော် သား သားကြောက်တယ်"

ဒူးတွေတုန်။ ကြက်သီးတွေ ထလာကာ လမ်းကို ခပ်သွက်သွက်ပင် လျှောက်မိလေသည်။ 

"ရှပ် ရှပ် ရှပ်"

အိမ်ရောက်လု နီးနီးပင် ထို အသံက ပျောက်မသွားပေ။

ဆန်စက်သို့ အဝင်တွင်တော့ ထိုအသံက ခေတ္တမျှ ပျောက်သွားလေတော့သည်။

ထိုအခါမှ မင်းအောင်လည်း အိမ်သို့ သုတ်ချေတင် ပြေးလေတော့သည်။

အိမ်သို့ရောက်လေတော့ ဖယောင်းတိုင် မီးလေးထွန်းပြီး ဖျာကြမ်းလေးခင်း။ စောင် နှင့် ခေါင်းအုံလေး ချကာ အိပ်မည်ပြင်စဥ် ခေါင်းရင်းဘက်မှ

"ရှပ် ရှပ် ရှပ်"

"ဖျောက် ဖျောက် ဖျောက်"

ဖိနပ် ရှပ်တိုက်သံ ထပ်မံကြားလိုက်ရပြန်သလို ခေါင်းရင်း တွင် ကာရံထားသော ဓနိတွေအား ပွတ်တိုက်ဆွဲသံကို ကြားလိုက်ရပြန်ပါသည်။

မကြာမီ အချိန်တွင်တော့

"ဒုန်း ဒုန်း ဒုန်း"

အိမ်ရှေ့ ရေကပြင်မှ အိမ်ပေါ်တက်လာသည့် အသံကိုပင် ထပ်မံ ကြားလိုက်ရပြန်ပါသည်။ မင်းအောင် မျက်နှာမှာ အသံတွေ အဆုံးတွင်တော့ ဇီးစေ့သာသာပင် ရှိတော့လေသည်။ လူက ချွေးတွေပျံကာ ကတုန်ကယင်ဖြစ်ကာဖြင့် ဆံပင်တွေပင် ထောင်တက်လာရလေသည်။ 

မဖြစ်တော့ပေ။ အိမ်မှာ ဆက်နေလျှင် သူလိပ်ပြာလွှင့်တော့မည်။ ထိုကြောင့် စောင်နှင့် ခေါင်းအုံကို ပွေ့ကာ သူအိမ်နှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသော ဒေါ်စန်းမြ အိမ်သို့ သုတ်ချေတင် ပြေးရပါတော့သည်။

ဖနောင့်နှင့် တင်ပါး အသားကျအောင် ပြေးလာရသည့်မို့ အိမ်ရှေ့ အရောက်တွင် သူက မောဟိုက်နေလေပြီ။

"ဒေါ်လေး ဒေါ်လေး ဒေါ်လေး"

"ဟဲ့ ဘာဖြစ်လာတာလဲ အချိန်မရှိတော့မှ"

ဒေါ်စန်းမြ အသံပင်။

"မြန်မြန်တံခါးဖွင့်စမ်းပါ ဒေါ် ဒေါ်လေးရာ"

ဒေါ်စန်းမြ တံခါးဖွင့်ပေးလေတော့ မင်းအောင် အိမ်ထဲအတင်းတိုးဝင်လေတော့သည်။

"ဟိတ်ကောင် ဘာ ဘာဖြစ်လာတာလဲ"

အသံလာရာ ကြည့်လိုက်တော့ ဒေါ်စန်းမြ၏ ခင်ပွန်း ဦးထွန်းလူပင်။

"ဦး ဦးထွန်း ကျွန်တော်အနောက်ကို ဒေါ်လေး မိသွယ် လိုက်လာလို့"

"ဟေး"

ဦးထွန်းလူ အံ့သြဟန် အမူအရာဖြင့် မင်းအောင်ကို ကြည့်ပြီး

"ပရိတ်ရေလေး သောက်ပြီး အိပ်ပျော်အောင် အိပ်လိုက်တော့"

ဦးထွန်းလူ စကားအဆုံးတွင် မင်းအောင် ဘုရားဆောင်မှ ပရိတ်ရည် အနည်းငယ် မော့သောက်ကာ အိပ်လိုက်လေတော့သည်။

မင်းအောင် အိပ်ပျော်သွားပြီး မကြာမီ အချိန်တွင်တော့

"ရှပ်~ရှပ်~ရှပ်"

"အစ်ကို ညီမလေး လာနှုတ်ဆတ်တယ် ထင်တယ်"

ဒေါ်စန်းမြ စကားသံ အဆုံးတွင် ဦးထွန်းလူ ခေါင်းကို လေးတွဲစွာ ခါယမ်းပြီး အိမ်ရှေ့ထွက်ကာ

"နင် ငါ့ကို လာနှုတ်ဆတ်တာ ငါသိတယ် နင် ပြန်တော့ မိသွယ်"

အတော် ကြာသည့်အထိ ခြေသံက ပျောက်မသွားပေ။

၄ နာရီ ထိုးလု ထိုးခါနီးမှ ခြေသံပျောက်ကာ တာရိုးတစ်လျှောက် ဘဲငန်းများ၏ အသံက ဆူညံစွာ ထွက်ပေါ်လာခဲ့လေတော့သည်။

ဦးထွန်းလူကတော့ "မိသွယ် ပြန်ထွက်သွားပြီ" ဟူ၍ သာပြော၍ တာရိုးတစ်လျှောက်သို့ အဓိပ္ပါယ်မဲ့စွာ ငေးမောကြည့်ရှုလျှက်~~~~။

🔥ပြီးပါပြီ🔥

အစ်ကို တစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်အား ရေးသားထားခြင်း ဖြစ်လေသည်။ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာလိုသည့် စိတ်ဆန္ဒမရှိပေ။

အမည်နာမ များ လွှဲပြောင်းရေးသားထားပါသည်။

အရေးသားညံ့ဖျင်းမှုအတွက် စာဖတ်သူအားလုံးကို အားနာပါတယ်ရှင့်။။။။။

လေးစားလျှက်~

                          မေခြူးသွယ်(တွံ့တေးမြေ)

Comments