အသဲကွဲValentine (သို့) သွေးစွန်းခဲ့သော ချောကလက်ကလေး တစ်ခု(စ/ဆုံး)
အသဲကွဲValentine (သို့) သွေးစွန်းခဲ့သော ချောကလက်ကလေး တစ်ခု(စ/ဆုံး)
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
[1]
'ကိုကို V Dayတောင်နီးလာပြီနော်,ယွန်းကို ချောကလက် အကြီးကြီး ဝယ်ကျွေးပါ'
ချစ်စဖွယ်ပူဆာလာသော ချစ်ရသူ ယွန်းသော်တာထက်၏နဖူးလေးအား ရှိုက်နမ်းရင်း ကျော်ဇော ပြန်ဖြေလိုက်မိသည်,
'အင်းပါယွန်းရယ်...ကိုကို့မှာ ယုယစရာဆိုလို့ ယွန်းတစ်ယောက်ပဲ ရှိတော့တာပါ,ချောကလက်တင်မဟုတ်ဘူး ကန်တော်ကြီး နဲ့ အင်းလျားကန်ပါ လိုက်ပို့ပေးဦးမှာသိလား'
'ဟယ်...တကယ်လားကိုကို'
ကလေးတစ်ယောက်သဖွယ် အပြစ်ကင်းစင်စွာ ပျော်မြူးသွားသော ယွန်းသည် ရုတ်တရက် ပြန်တည်သွားပြီး ငိုရှိုက်သံသဲ့သဲ့လည်း ထွက်လာသည်...
'ယွန်း....ယွန်း ဘာဖြစ်လို့လဲ'
ကျော်ဇော၏စိုးရိမ်တကြီးအမေးအား ယွန်းတစ်ယောက် မျက်ရည်ဥများကြားမှ ဖြေလိုက်သည်...
'ယွန်း..မျက်လုံးမှ...မမြင်ရတာ ကိုကိုရယ်,ဘယ်အလှအပ ရှုခင်းမျိုးကိုမှ မခံစားနိုင်တော့ပါဘူး...အဲဒါ တွေးမိတိုင်း ဝမ်းနည်းမိတယ်ကိုကိုရယ်'
'ဘာမှမပူပါနဲ့ယွန်းရယ်...ကိုကိုတစ်ယောက်လုံးရှိပါတယ်...ယွန်းလိုအင်မှန်သမျှကို ကို ကိုယ့်ခန္ဓာကိုယ်မှာ နောက်ဆုံးသွေးတစ်စက်ပဲကျန်တဲ့အထိ ဖြည့်ဆည်းသွားမှာ ယွန်းယုံပါ...ပြီးတော့ ယွန်းမျက်စိကို ပြန်ကောင်းလာစေဖို့ ကိုကို ကြိုးစားနေပါတယ်...မငိုနဲ့တော့နော် ချစ်ကလေး'
'အင်းပါ...ကိုကိုရယ်'
ကျော်ဇောပြောသမျှ နားထောင်တတ်သောယွန်းသည် ခေါင်းလေးညိတ်ကာ သူ့ရင်ခွင်ထဲတိုးဝင်ရင်း အငိုတိတ်သွားတော့သည်...
[2]
ယွန်း၏ဘဝသည် ငယ်စဉ်ကတည်းက ဆိုးဝါးခဲ့သည် ဆိုရပေမည်...မိဘနှစ်ပါးစလုံးကို ကားအက်ဆီးဒင့်တစ်ခုတွင် ဆုံးရှုံးခဲ့ရသည်...ထိုအချိန်တွင် သူမသည် အသက်၃နှစ်ပင်မပြည့်သေးပါ,သို့နှင့် မိခင်ဘက်မှ အဘွားမှ ကျွေးမွေးပြုစုစောင့်ရှောက်မှုကြောင့် လူလားမြောက် ကြီးပြင်းလာရသည်...စာတော်သော ယွန်းသည် အဘွားဖြစ်သူနှင့်အတူ စျေးရောင်းပေးရင်း ကျူရှင်မယူ ဂိုက်မကူပါပဲ ဆယ်တန်းတွင် ၅ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့လေသည်...သို့သော် ဘဝအခြေအနေက မှေးမှိန်လှတာကြောင့် ဓါတုဗေဒမေဂျာသာယူဖြစ်ခဲ့သည်...ထိုမှနေ၍ ကျော်ဇောနှင့် ဆုံတွေ့ချစ်ကြိုက်ခဲ့ကြသည်...သနားဖွယ်ရာသူမ၏ဘဝလေးအပေါ် စာနာနားလည်ပေးရင်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးရင်း အကြင်နာတွေပိုခဲ့ကြသည်....အမှန်တော့ ယွန်းသည် မွေးရာပါ မျက်မမြင်တစ်ယောက်တော့ မဟုတ်ပါချေ...လွန်ခဲ့သည့်၃နှစ်ခန့်က တက္ကသိုလ်ပထမနှစ်တက်ရင်း Praticalလုပ်ရာမှ ဓါတုပစ္စည်းပေါက်ကွဲမှုကြောင့် မျက်စိအား မတော်တဆထိမှန်ကာ ကွယ်သွားရခြင်းဖြစ်သည်...ထို့ကြောင့် ကျောင်းမှ ထွက်ခဲ့ရသည်...ဆွေမျိုးရင်းချာဆို၍ အသက်၆၀ကျော် အဘွားတစ်ယောက်သာ ရှိလေရာ သူမမျက်စိအခြေအနေကြောင့် စျေးလည်းပုံမှန်မရောင်းဖြစ်ရှိရာမှ စားဝတ်နေရေးအခြေအနေလည်း တစ်ဖြည်းဖြည်းကျပ်တည်းလာသည်...ထိုအဖြစ်အား ကျော်ဇော လက်ပိုက်ကြည့်မနေနိုင်ပါ...ထို့ကြောင့် ကျော်ဇောလည်း ကျောင်းနားကာ အင်တာနက်ဆိုင်တစ်ဆိုင်တွင် အလုပ်ဝင်လုပ်ရင်း ယွန်းသော်တာထက်တို့ မြေးဖွားအား ထောက်ပံ့ပေးခဲ့သည်...တစ်ဘက်ကလည်း မျက်ကြည်လွှာခွဲစိတ်ကုသရန်အတွက် ငွေ အသဲအသန် ရှာရသေးသည်...မိဘမဲ့ ၎င်းတို့နှစ်ဦးအတွက် တစ်ယောက်ကိုတစ်ယောက်သာ ရင်တွင်းမှ ခင်တွယ်ရာ,နှလုံးသားမှ သံယောဇဉ်ဖြစ်စေခဲ့သည် မဟုတ်ပါလား,...
[3]
ဒီနေ့ ချစ်သူများနေ့မို့ ကျော်ဇောတစ်ယောက် အလုပ်မှ ခွင့်ယူကာ မြို့ထဲပတ်ရင်း ယွန်းကြိုက်တတ်သော ချောကလက်များလည်း ဝယ်လာခဲ့သည်.....သူတို့နှစ်ဦးအတွက် 'ချစ်သူများနေ့'ဟူသည် လွန်စွာ ရိုးရှင်းလှပေသည်...သစ်ပင်အရိပ်ကောင်းကောင်းတွင် စကားတွေပြောကြမည်...ချောကလက် နှင့် နို့ပုလင်းတွေ တစ်ယောက်တစ်ပြန် ခွံ့ကျွေးကြမည်...ထိုမျှသာဖြစ်သည်...ထို့နောက် ယွန်းတို့အိမ်ဘက်သွားရန် လမ်းမကြီးကို ဖြတ်အလာ အရှိန်ပြင်းစွာမောင်းနှင်လာသော ကုန်တင်ကားတစ်စီးအား သူ မမြင်လိုက်ပါ...
'ဒုန်း'
ခန္ဓာကိုယ်တစ်ခုလုံး ဓါတ်လိုက်သည့်ပမာ ထုံကျင်သွားပြီး လေထဲ မြောက်တက်သွားသလို ခံစားလိုက်ရသည်...ထို့နောက် နားထဲမှ လေတိုးသံများလည်း တစ်ဝီဝီ ဆူညံသွားပြန်သည်...တစ်ဖြည်းဖြည်းနှင့် မျက်လုံးများလည်း ဖွင့်မရတော့ပါ...ကျော်ဇော သူ့အခြေအနေသူ သိလိုက်လေပြီ...ထို့ကြောင့် အရေးကြီးသော စကားများအား တစ်ယောက်ယောက် ကြားစေရန်အလို့ငှာ ပါးစပ်မှအားယူရင်း တစ်တွတ်တွတ် ပြောနေမိသည်...ထို့နောက် လေနှင်ရာတိမ်တစ်စ ပေါ့ပါးစွာ လွင့်မျောသွားသလို ခံစားလိုက်ရသည်....အရာအားလုံး ငြိမ်သက် တိတ်ဆိတ်လျှက်.....
'မယွန်းသော်တာထက်တို့အိမ်လားမသိဘူးခင်ဗျ'
အိမ်ရှေ့မှခေါ်သံကြောင့် ဒေါ်လှလှရီ ထမင်းချက်နေရာမှ ထွက်ကြည့်လိုက်တော့ သန့်သန့်ပြန့်ပြန့်ဝတ်စားထားသည့် လူ၂ယောက်ကို တွေ့လိုက်ရသည်..
'ဟုတ်ပါတယ်ရှင်...ယွန်းသော်တာထက် ဆိုတာ ကျွန်မမြေးမလေးပါ,ဘာကိစ္စများ ရှိလို့လဲနော်'
ထိုလူနှစ်ယောက်လည်း ကိုကျော်ဇောမှ ၎င်းတို့အား အကူအညီတစ်ခုတောင်းထားကြောင်း တစ်ခြားတော့မဟုတ် မျက်ကြည်လွှာအလှူရှင် ပေါ်ပြီဖြစ်လေရာ ယွန်းသော်တာထက်အား သွားရောက်အကြောင်းကြားပေးရန် ဖြစ်လေသည်...
သို့နှင့် ထိုနေ့မှာပင် ဆေးရုံသို့ မြေးဘွားနှစ်ယောက် ခွဲစိတ်ကုသမှုခံယူရန် ရောက်ရှိခဲ့လေသည်...
[4]
'ကိုကို ယွန်းကို ချောကလက်အကြီးကြီး ဘာလို့ ဝယ်မကျွေးတာလဲဟင်'
အော်ပရေးရှင်းခန်းထဲ မဝင်ခင် ဆေးရုံခုတင်ထက်တွင် ယွန်းအား လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ပြီး သူမတစ်ယောက်တည်းသာ ရှိနေချိန်တွင် ကျွန်တော့်မသံကြား၍ ဝမ်းသာအားရ မေးလိုက်ခြင်းဖြစ်သည်...
'ဪ...ဒီနေ့ ယွန်း မျက်ကြည်လွှာအစားထိုးရမှာလေ..အဲဒါ ချောကလက်နဲ့ မတည့်လို့ ကိုကို ဝယ်မကျွေးတော့တာပါ'
'ကိုကို နေမကောင်းဘူးလား အသံဝင်နေတာလား'
ကျွန်တော်ပြန်မဖြေမိပါ...ငိုချင်စိတ်ကို မနည်းထိန်းချုပ်ထားပါသော်လည်း မျက်ရည်ဥတို့က အတိုင်းအဆမရှိ တိုးထွက်လာပြန်သည်...ကျွန်တော် သေဆုံးသွားတဲ့အကြောင်းကို ယွန်းမသိအောင်ဂရေရှည် ဖုံးကွယ်လို့ မရပေမယ့်လည်း အခုအချိန်မှာတော့ သူမ ခံနိုင်ရည်မရှိမှာကို တွေးပူမိပြီး မသိစေချင်သေးပါ...ကျွန်တော် ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရှိတော့မယ့် ပန်းလေးတစ်ပွင့်ကို နောက်ဆုံး နမ်းရှိုက်ခွင့်လေးတော့ ရချင်သေးသည်...ဘဝမှာ တစ်ကြိမ်တစ်ခါသာ ဖြစ်ပေါ်တဲ့ အကြောင်းပြချက်မရှိသော အချစ်စစ်အတွက် တစ်ကူးတစ်က သက်သေပြဖို့ လိုမယ် မထင်တော့ပါ...
'ကိုကို...ဘာလို့ မဖြေတာလဲ အသံဝင်နေတာမလား အေးစက်စက်ကြီးနဲ့ နားထောင်မကောင်းပါဘူးနော်'
ယွန်း စိတ်ဆိုးသွားသောကြောင့် ကျွန်တော်လည်း မနေသာပါ...
'အအေးမိထားလို့ပါ ယွန်းရယ်...ကိုကို့အတွက် ဘာမှမပူနဲ့ ယွန်းမျက်စိ ပြန်ကောင်းလာဖို့အခု ခွဲစိတ်ရတော့မယ်...ဘေးနားမှာ ကိုကိုတစ်ချိန်လုံးရှိနေမယ်နော်...ဖိုက်တင်း'
'ကိုကိုညာတာ...အော်ပရေးရှင်းခန်းထဲ တာဝန်ရှိသူကလွဲပြီး တစ်ခြားလူဝင်လို့မရဘူးဆိုတာ ယွန်းသိပါတယ်'
'ကိုကိုလည်း တာဝန်ရှိသူပဲလေ'
'ဟင်...ကိုကိုက?'
'ဟုတ်တယ်လေ...ယွန်းရဲ့ အုပ်ထိန်းသူ ဖြစ်လာမယ့် တာဝန်ရှိတဲ့သူက ကိုကို့အပြင် ဘယ်သူရှိဦးမှာလဲ'
'ဟား...အဲဒါကြောင့် ကိုကို့ကို ချစ်တာသိလား'
ယွန်းပျော်အောင် စပေးနေရသော်လည်း ကျွန်တော့်ရင်ထဲက မျက်ရည်တွေကိုတော့ ဘယ်သူမှ မြင်နိုင်မယ်မထင်ပါ...သူမနဲ့အတူ ပျော်ရွှင်သွာ စကားတွေပြောချင်ပါသေးသည်...စနောက်၍ နေချင်ပါသေးသည်...သူမ လိုအင်ရှိသမျှ အစွမ်းကုန် ဖြည့်ဆည်းပေးကာ သန့်ရှင်းသော မေတ္တာ လတ်ဆတ်မွှေးပျံ့သင်းထုံသောအချစ်များနဲ့ ထာဝရ လက်တွဲ သွားချင်ပါသေးသည်...သို့သော် သန်းခေါင်ကျော်အိပ်မက်ပမာ နိုးထချိန်ဝယ် အရာအားလုံး နထ္တိ ဘယ်ဆီဘယ်ဝယ်မသိ ပျောက်ဆုံးသွားခဲ့လေပြီ...စက္ကန့်ပိုင်းမျှသော အချိန်အပိုင်းအစလေးတစ်ခုကပင် ကျွန်တော့် နှလုံးသည်းပွတ်အား ပြင်းရှစွာ အဆိပ်ရည်လောင်းကာ ခြွေချသွားခဲ့လေပြီ,
[5]
ယွန်းတစ်ယောက် မေ့မျောနေစဉ်ခဏဝယ် သူမနှင့် ကျွန်တော် ပင်လယ်ကမ်းစပ်တစ်ခုဆီ ရောက်ခဲ့ကြသည်...အပြန်အလှန် အနမ်းတွေဖလှယ်ရင်း ကျွန်တော်နဲ့မသက်ဆိုင်တော့မယ့် သူမ,မသိသေးသော အနာဂတ်အတွက် အစီအစဉ်များ ရေးဆွဲခဲ့ကြသည်...နေဝင်ချိန်အား ရိုမန်တစ်ဆန်စွာ အတူကြည့်ခွင့်ရခဲ့သည်...ထိုအချိန်ခဏလေးအား ကျွန်တော် ဘယ်တော့မှ မေ့မရနိုင်တော့ပါ...ဖြစ်နိုင်လျှင် ယွန်းကိုလည်း မနိုးထစေချင်ပါ ထိုမှသာ ကျွန်တော်တို့နှစ်ယောက်အတူဆုံစည်းခွင့် ရရှိပေလိမ့်မည်...
သို့သော်လည်း ကျွန်တော့် ဆန္ဒကိုသာ ရှေ့တန်းတင်၍ မဖြစ်ပြန်ပါ...သူမအပေါ် အရာအားလုံးစွန့်လွှတ်ပြီး ပေးဆပ်ကာချစ်ခဲ့သော ကျွန်တော့် နှလုံးသားမှ သူမအား ထိုသို့ ဖြစ်ခွင့် လုံးဝ မပေးခဲ့ပါ...ကံတရား၏ နွံအိုင်ထက်ဝယ် အမှတ်တမဲ့ဆင်းသက်ခဲ့မိသော ကျွန်တော့်အတွက် အဆုံးသတ်တွင် နွံနစ်ရုံမှတစ်ပါး အခြားမရှိတော့ပါ...ထိုနွံအိုင်အတွင်းကိုလည်း ချစ်ရသူ ယွန်း အား ဆွဲမခေါ်ရက်ခဲ့ပါ....အိပ်မက်ကမ္ဘာလေးထဲဝယ် ကျွန်တော် ပျော်မွေ့နေခဲ့ပါသော်လည်း.....
'ယွန်းရေ...ကိုယ် မင်းနဲ့အနီးဆုံး မင်းမမြင်နိုင်တော့မယ့် အနက်ရှိုင်းဆုံးတစ်နေရာ လောကအလယ် ပင်လယ်ပြင်ကျယ်ထက်မှာ ထာဝရပဲ ငေးမောကြည့်နေပါရစေတော့ကွာ'
ကျွန်တော်စိတ်ထဲမှ အော်ဟစ်ငိုကြွေးမိသည်....ထိုအချိန်ဝယ် ယွန်းနဲ့ ကျွန်တော်လည်း ကမ္ဘာခြားသွားခဲ့ပြန်လေပြီ...
'လူနာ ခွဲစိတ်မှုအောင်မြင်ပါတယ်အဖွားရေ'
ခွဲစိတ်ဆရာဝန်၏စကားကြောင့် လပြည့်ဝန်းကြီးသဖွယ် ဝင်းပသွားသော ယွန်း အဖွား၏ မျက်နှာထက်ဝယ် ဖော်ပြလို့်မရနိုင်သည့် ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်များကို ကျွန်တော် ခံစားကြည့်မိသည်...
အားလုံးနဲ့အတူ ကျွန်တော်လည်း အပြုံးပန်းများ ဝေခဲ့သည်...
သို့နှင့် ယွန်းအား ပတ်တီးဖြည်မည့်နေ့ထိ
သူမအား ကျွန်တော် အားပေးစကားများပြောရင်း အနားမှာ ရှိနေပေးခဲ့သည်...သို့သော် ကျွန်တော့်လက်ဖဝါးမှ သူမအား နွေးထွေးမှုကို ဘယ်တော့မှ ပေးနိုင်မည်မဟုတ်တော့ပါ....သူမအား နွေးထွေးစေလိမ့်မည် မဟုတ်တော့ပါ...ရေခဲတမျှ အေးစက်သော လက်တစ်စုံကိုလည်း သူမ အလိုရှိမည် မဟုတ်တော့မှန်း ကျွန်တော့ရင်ထဲမှ နာကျင်စွာ တွေးထင်မိပြန်သည်...ကျွန်တော့်အတွက် ၇ရက်သာ အချိန်ရသည်ဖြစ်ရာ မနက်ဖြန် ယွန်း ဆေးရုံကဆင်းမည့်နေ့တွင် ပြည့်မည်ဖြစ်သောကြောင့် သူမနဲ့ကျွန်တော် ထိတွေ့ဆက်ဆံ ပြောဆိုရန်မဖြစ်နိုင်တော့ပါ...တစ်ဖြည်းဖြည်း ပျောက်ကွယ်ဖို့ နီးသထက်နီးလာလေပြီ,ထို့ကြောင့် ယူကြုံးမရ ဖြစ်ရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပါ.....တစ်ဖက်ကလည်း ကျွန်တော့် မျက်ကြည်လွှာဖြင့် လောကကြီးအား မြင်တွေ့ခွင်ရတော့မည် ချစ်သူ ယွန်းအတွက် ဝမ်းသာမိသည်,
သို့နှင့် ယွန်း ဆေးရုံကဆင်းမည့်နေ့သို့ တစ်ရွေ့ရွေ့နဲ့ ရောက်ရှိလာတော့သည်...
'သမီး...မျက်စိကို ဖြည်းဖြည်း ဖွင့်နော်'
ယွန်း မျက်စိအား ဖြည်းညဉ်းစွာ ဖွင့်ကြည့်လိုက်တော့ အဖြူရောင် မြင်ကွင်းကျယ်ကြီးမှတစ်ပါး ဘာမှမမြင်ရပါ...ဖွင့်လိုက်ပိတ်လိုက်လုပ်ကြည့်ပြီး အတော်ကြာမှ ဝိုးတစ်ဝါး ပုံရိပ်များအား စတင် မြင်ရလေသည်...ထို့နောက် ပထမဆုံး မြင်ရသည်က အဖွားဖြစ်သူနှင့် ခွဲစိတ်ဆရာဝန်ကြီး!
ထို့နောက်..........,
ကိုကို့အား သူမ ရှာဖွေနေမိသည်...နေနိုင်လိုက်သည့်ကိုကို...သူမကို လာတွေ့ဖော်တောင်မရသောကိုကို...သူမ မျက်ရည်များပင် ဝဲလာသည်...အော်ငိုပစ်လိုက်ချင်မိသည်,
သို့သော် အဖွားကို ဖက်ကာ သူမ ဝမ်းသာအားရ စကားများ ရေပက်မဝင်အောင်ပြောကာ ဖက်နမ်းပစ်လိုက်သည်...ကိုကို့ကိုလည်း တွေ့မှ အဝရစ်ပစ်လိုက်မည်ဟု တွေးကာ အိမ်ပြန်လာခဲ့ကြသည်...
သူမ အိမ်ရှေ့ရောက်တော့ ပတ်ဝန်းကျင်လောကတစ်ခွင်အား တစ်ဝကြီး ငေးမောကြည့်ရှုရင်း စိတ်ကြည်နူးမိသည်...ထို့နောက် ခြံတံခါးဝတွင် အမှတ်တမဲ့ မြင်လိုက်ရသည်ကား 'သွေးစွန်းနေသော ချောကလက်ပြားလေးတစ်ခု'
...
...
...
ကျွန်တော်ပေးတာမှန်း သူမ,သိ၍လားမသိ...သွေးစွန်းနေသော ချောကလက်စက္ကူစအား သူမ ဖြဲ ပစ်လိုက်သည်..
'ကြည့်စမ်း...ကိုကိုများ ကွမ်းစားပြီး ကွမ်းတံတွေးတွေကို ချောကလက် လာစင်အောင် လုပ်တယ်...လူဆိုးကြီး'
ချစ်စဖွယ် အပြစ်တင်ပြီးနောက် ဝမ်းသာအားရ တစ်ကိုက် ဖဲ့စားလိုက်သည်...
ထိုမြင်ကွင်းအား မြင်နေရသော ကျွန်တော် သူမအနားရှိနေသည်အား သိသွားမည် ဆိုလျှင် သူမ အနှိုင်းမဲ့သော ဝမ်းသာပျော်ရွှင်ခြင်း ဆုလာဘ်အား ပိုင်ဆိုင်ပေလိမ့်မည်.........
သို့သော်.....သူမကို အသဲပေါက်မတတ် ချစ်ခဲ့သော ကျွန်တော် ကျော်ဇောတစ်ယောက် လောကကြီးကနေ အပြီးအပိုင် နှုတ်ဆက်ထွက်ခွာသွားသည်ကို သူမ တစ်နေ့နေ့ သိသွားခဲ့ရင်ဖြင့် တရားနဲ့သာ ဖြေရင်း စိတ်ဒဏ်ရာကို ကုစားနိုင်ပါစေလို့ မျှော်လင့်ဆုတောင်းရင်း.......................................,,,
ပြီးပါပြီ...
Credit to owner
Comments
Post a Comment