#လိုက်ပို့ပြစေဆရာမလေးရယ်
#လိုက်ပို့ပြစေဆရာမလေးရယ်
******************
စ/ဆုံး
*************-
တောတန်း တောင်တန်းတွေနဲ့ ဖုံးလွှမ်းပြီး မြို့နှင့် အလှမ်းဝေးကွာသော ကျွန်တော်တို့ရွာကလေး တရွာနှင့်တရွာကလည်း မနက်စောစောထွက်မှ နေ့လည်ထမင်းစားချိန်မှ ရောက်တဲ့ရွာမျိုး ဒီကြားထဲ လမ်းပန်းဆက်သွယ်ရေးကလည်း တခါတလေ ပုဆိုးတောင်မပြီးသွားရသည် မိုးတွင်းဆို ရွံ့ဗွက် ဆောင်းတွင်းဆို မြက်ပင်ရိုင်းတွေမှာကပ်နေတဲ့ ဆီးနှင်းတွေက တော်တော်နဲ့မခြောက် နွေဆိုရင် ရိုးပြတ်တွေက တထောင်ထောင် .ဘာပဲပြောပြော ကိုယ့်ရွာကိုယ့်ဒေသမို့ ပျော်မွေ့မိတာတော့အမှန် ဒီနေ့လည်း ရွာကျောင်းမှာ ဆရာ/မ မလောက်၍ မြို့က ဆရာမတစ်ယောက်လာမည်ဟု စာရောက်လာသောကြောင့် ဖိုးမောင် လှည်းဖြင့် လာစောင့်နေခြင်းလည်းဖြစ်သည်။
မနက်စောစောထွက်လာရတာမို့ အဖော်အနေနဲ့က ကိုထွေးနဲ့ ငသော်ကော အဖော်ခေါ်လာရတာ ဒီနေရာတွေက စရိုက်ကြမ်းတယ် ပြောမှားဆိုမှားရှိတာနဲ့ တခုခုဖြစ်တဲ့နေရာ တခြားနေရာကိုတော့ မကြောက် ရွှေကျွန်းတောဆိုတဲ့ပိုင်နက်ကိုတော့ လူတိုင်းကြောက်ကြသည်။
``ဟေ့ကောင် ဖိုးမောင် ရှေ့က ဒီနယ်မှာ နာမည်ကြီးနေတဲ့ ရွှေကျွန်းတောဆိုတာလေ´´
ငသော်ပြောလိုက်မှ ကိုထွေးနည်းနည်းကျောစိမ့်သွားသည်။ သူငယ်ချင်း သုံးယောက်ထဲမှာ ကိုထွေးကအကြောက်ဆုံး ငသော်က အစအနောက်တော်တော်သန်တာ မိမိကလည်း ငသော်နှင့်သိပ်မထူး နည်းနည်းက္ကုနြေ္ဒရတာလေးပဲကွာသည်။
မိမိတို့ သုံးယောက်ကလည်း မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ သူတော်တယ် ငါတော်တယ် တစ်ယောက်နဲ့တစ်ယောက်အပြိုင်ငြင်းနေကြတာ ဒါကို ဖိုးမောင်အဖေက ဘယ်လိုနိူင်းသွားလဲဆိုရင်
``မင်းတို့ သုံးယောက်က ဘာနဲ့တူတုန်းဆိုရင် ကြက်တူရွေး သုံးကောင်နဲ့တူတယ်´´
ဦးဘမောင်ပြောစကားကြောင့်
``ဦးလေးကလည်း လူစင်စစ်ကနေ ဦးနဲ့တွေ့မှ တိရစ္ဆာန်တွေဖြစ်ကုန်ပြီ´´
ဒါက ငသော်ပြောတဲ့အသံ. ငြိမ်နေတဲ့ ကိုထွေးကတော့
``ဦးလေး ဆက်ပြောလေ ကျွန်တော်တို့က ဘာလို့ကြက်တူရွှေးနဲ့တူတာလဲ´´
``ဟိုတုန်းက ဆိုင်တစ်ဆိုင်မှာ ကြက်တူရွေးရောင်းတဲ့ဆိုင် ရှိတယ် တနေ့ လူတစ်ယောက်က ကြက်တူရွေးတစ်ကောင်လိုချင်တာနဲ့ သွားဝယ်တာ ဟိုရောက်တော့ ကြက်တူရွေးတစ်ကောင်ရဲ့အောက်မှာ စျေးနူန်းလေးတွေရေးထားတယ် ပထမတစ်ကောင်ကိုကြည့်လိုက်တော့ ဘာသာစကားတစ်ခုပြောတတ်တယ် စျေးကတစ်သိန်းတဲ့´´ဦးဘမောင်နည်းနည်းမောသွားဟန်ရှိတာနဲ့ ရေနွေးတစ်ခွက်မော့သောက်ပစ်လိုက်သည်။ ပြီးမှ ဆက်၍
``နောက်တစ်ကောင်ရဲ့အောက်မှာလည်း ဒီကြက်တူရွေးက နှစ်ဘာသာတတ်တယ် စျေးက နှစ်သိန်းလို့ရေးထားတယ်နောက်တစ်ကောင်ကိုကြည့်လိုက်တော့ တစ်ဘာသာမှမတတ်ဘူး ဒါပေမယ့် စျေးက ၅ သိန်းလို့ရေးထားတယ်´´
ဖိုးမောင်တို့သုံးယောက်စလုံး ဦးဘမောင်ပြောသောစကားကို နားထောင်နေရင်း
``ဟာ ဦးလေးကလည်း ဘာစကားမှမတတ်တဲ့ကောင်ကို စျေးတင်ထားတာ ဆိုင်ရှင်လူပါးဝတာပေါ့´´
``ပထမ ငါလည်း မင်းတို့လိုတွေးမိတာပဲ ဆိုင်ရှင်ကိုသွားမေးမှ ရှင်းတော့တယ်ကွ´´
``ဆိုင်ရှင်က ဘာပြောလိုက်လဲဦးလေး´´
``ကျွန်တော်စျေးတင်ချင်လို့ တင်တာမဟုတ်ပါဘူး ဟိုစကားပြောကျွမ်းကျင်တဲ့ကောင်တွေက ဒီကြက်တူရွေးနဲ့ စကားပြောတိုင်း ဆရာကြီးလို့ ဝိုင်းခေါ်ကြတာ ဒါနဲ့ ဘာစကားမှမတတ်ပေမယ့် ဆရာကြီးလို့ဝိုင်းခေါ်လို့ စျေးပိုတင်ထားတာပါ´´
``ခုလည်း မင်းတို့သုံးယောက်က ဘာမှသာမဟုတ်တာ ကိုယ့်ကိုကိုယ် ဆရာကြီးအခေါ်ခံချင်နေတဲ့ကောင်တွေ´´
ဖိုးမောင်တို့ သုံးယောက် အဲဒီတုန်းကဆိုရင် ဦးဘမောင်စကားကြောင့် ခွက်ထိုးခွက်လှန်ရယ်မောခဲ့ကြဖူးတယ် ဟုတ်လည်းဟုတ်တာပဲ ခု ရွာအတွက် ဆရာမကိုသွားကြိုတာ သူ့အတွက် ငါ့အတွက်နဲ့ ငြင်းခုံနေကြတာ
``ဖိုးမောင် လှည်းကိုသေချာမောင်း ဟိုရှေ့မှာ ရထားလမ်းကူးရှိတယ် ´´
``အေးပါကွာ ဒီနေရာက လှည်းမောင်းနေကျပါ စိတ်ပူမနေနဲ့´´
ကိုထွေးကတော့ တစ်ခုခုကို တွေးတောနေတဲ့ပုံ ဘာကိုတွေးနေလဲဆိုတာကိုတာမသိတာ
``ကိုထွေး ဝါးးးးးးးဟားးးးးး´´
ဘာမညောညာမပြော ငသော်မှ ကိုထွေး၏ခါးကိုလှမ်းတို့လိုက်ရာ လန့်ဖြန့်သွားသော ကိုထွေးအဖြစ်ကိုကြည့်ပြီး အားလုံးရယ်မောမိလိုက်လို့ မကြာ
``ဂျုန်းးးးးးးဂျုန်းးးးး´´
``ဖိုးမောင် ရထားလာနေပြီ´´
ငသော်လှမ်းအော်လိုက်ပေမယ့် အားလုံးနောက်ကျကုန်သည်။
``ဝုန်းးးးးးးအုန်းးးးးးးးအားးးးးအားးးးး´´
********************
``ဟူးးးးတော်ပါသေးရဲ့ သီသီလေးလွတ်သွားလို့ ´´
``ဖိုးမောင် မင်းလုပ်လိုက်ရင် အဲဒီအတိုင်းချည်းပဲ ´´
``မင်းတို့က တစ်ယောက်နဲ့တစ်ယောက် စနေနောက်နေတော့ ရထားလာတာကို သတိမထားမိတော့ဘူးလေ´´
``စကားနောက်မှပြောဟ ဆရာမစောင့်နေရအုံးမယ်´´
တစ်လမ်းလုံးငြိမ်နေသော ကိုထွေး ဆရာမအကြိုနောက်ကျမှာကိုတော့ တွေးပူတတ်သား
``အေးပါ ကိုထွေးရာ ငါလည်းမောင်းနေတာပဲ ခု ရွှေကျွန်းတောကို ကျော်လာပါပြီကွ ရှေ့ဆိုရောက်ပြီ´´
ဆရာမကိုကြိုဖို့ ရွာကကာလသားတွေက သူသွားချင်တယ် ငါသွားချင်တယ်ဖြစ်နေတာ ဖိုးမောင်တို့ သုံးယောက်ကို ရွေးလွတ်လိုက်တာ တခြားကောင်တွေက မကျေနပ်လောက်
``ဟိုမှာ ဆရာမလေးထင်တယ်´´
ခြေသွက်လက်သွက် ဖြစ်သော ဖိုးမောင်မှ
``စမ်းကလေးကို တာဝန်ကျတာ ဆရာမလားမသိဘူး ကျွန်တော်တို့ လာကြိုတာပါ´´
``ဟုတ်ပါတယ် ကျမလည်း လာကြိုမယ်ဆိုလို့ စောင့်နေတာပါ´´
``ပေး ဆရာမ´´
``ဟင် ဘာပေးရမှာလဲ´´
ကိုထွေးစကားကြောင့် ဆရာမလေး ကြောင်အမ်းအမ်းလေးဖြစ်သွားသည်။
``ကိုထွေးက ဆရာမအဝတ်အိပ်တွေကို သယ်ဖို့တောင်းတာပါ သူကဒီလိုပဲ ဆရာမရဲ့ ကူညီချင်စိတ်တအားရှိတာ´´
ကြားမှ ငသော်ပြောစကားကြောင့် ဆရာမလေးပြန်ပြုံးသွားသည်။ ကိုထွေးက သူကူညီချင်တာပဲသိတာ ကိုယ်ပြောလိုက်တဲ့စကားကစေတနာပါပေမယ့် နားထောင်ရသူအဖို့ကတော့ ကျောချမ်းစရာ ဒါကြောင့် ငသော်မှ ကြားဝင်ပြောလိုက်ခြင်းလည်းဖြစ်သည်။ကိုထွေးအဖြစ်ကို ဖိုးမောင်ကတော့ လှည်းနားကနေလှမ်းကြည့်ပြီး ပြုံးစိစိနဲ့
``ဒီအဝတ်ထုပ်ကလွဲလို့ ကျန်တာသယ်လိုက်လေ´´
ဆရာမစကားအသံပင်မဆုံးသေး အဝတ်ထုပ်တွေအကုန်လုံး လှည်းပေါ်အကုန်ရောက်ကုန်သည်။
``ရှင်တို့တွေ သယ်တာမြန်လိုက်တာ ´´
ဖိုးမောင်နှင့်ငသော် ကိုထွေးကိုကြည့်ပြီး အံ့သြမိတာတော့အမှန် ကိုထွေးကိုယ်တိုင်ကလည်း မိမိကိုမိမိအံ့သြလို့မဆုံး ခြေတွေလက်တွေပေါ့ပြီး အလုပ်တွေ လုပ်ကောင်းနေသလို ဆရာမလေးကိုမြင်ပြီးကတည်းက စိတ်တွေပေါ့ပါးနေတာ
``ဆရာမလေး လှည်းပေါ်တတ်လေ သွားကြမယ်´´ငသော်စကားကြောင့် ဆရာမလေးလည်း လှည်းပေါ်သို့တတ်ထိုင်လိုက်လေတော့သည်။
``ဆရာမလေးက ဘယ်နယ်ကလဲ ဘယ်မှာနေတာလဲ အဖေနဲ့အမေကော နေကောင်းလား အသက်ကကော ဘယ်လောက်လဲဟင်´´
``ဟိုလေ ကျမက ဘာကိုအရင်စဖြေရမှာလဲ´´
ဒီကောင် ခက်ချေပြီ မေးရင်လည်း တစ်ခုချင်းစီမေးပါလား ဖိုးမောင်လည်း အကြံတစ်ခုထုတ်လိုက်ပြီး
``ဟဲ့ နွား သွားပါဟ´´
နွားကိုကြိမ်တို့သလိုနှင့် ကိုထွေးခါးကို နောက်ပြန်ထိုးလိုက်မှ မေးတာရပ်သွားတာ ဒါတောင် ပြုံးပြုံးကြီးလုပ်ပြလိုက်သေးသည်။
``ဟိုရောက်မှ မေးမယ်နော် ခုမေးတာများသွားတော့ စိတ်မဆိုးနဲ့နော်´´
``ရပါတယ် မေးပါ စိတ်မဆိုးပါဘူး´´
`` ဂလုတ် ဂလုတ်´´
လှည်းဘီးက ကျောက်ခဲကိုနင်းမိပြီး အပေါ်ကိုနည်းနည်းမြှောက်တတ်သွားတာ ဆရာမလေးပါးစပ်မှလည်း
``အားးးးကျွတ် ကျွတ်´´
ဆရာမလေးမျက်နှာ မအီမသာနဲ့ တော်တော်နာသွားပုံရသည်။
``ဆရာမလေး ဒါလေးခင်းထိုင်လိုက် မနာတော့ဘူး´´
သေချာခေါက်ပြီး ဆရာမလေးထိုင်ဖို့ ကိုထွေးလုပ်ပေးတာကိုကြည့်ပြီး ဖိုးမောင်နှင့်ငသော်မျက်လုံးတွေပြူးကုန်သည်။ တခြားတော့မဟုတ် မိမိတို့ချမ်းမှာစိုးလို့ ဦးလေးဘမောင်ဝတ်ထားသော အနွေးအင်ကျီနှင့် ခေါင်းစွပ်တို့ကို လောကွတ်လုပ်၍ ထိုင်ဖို့ခင်းပေးလိုက်သောကြောင့်ဖြစ်သည်။
ပြောသော်လည်းနောက်ကျနေပြီဖြစ်သောကြောင့် အသာငြိမ်နေလိုက်သည် ကိုထွေးကတော့ အပြုံးမပျက်
``ဖိုးမောင် တို့လာတဲ့လမ်းကမသွားနဲ့ လမ်းကြမ်းတယ် လမ်းကောင်းတဲ့လမ်းက သွားရအောင် လမ်းကြမ်းရင် ဆရာမလေး မစီးနိုင်မှာစိုးရတယ်´´
``အေး အေး ´´
တခြားလမ်းဖြင့် မောင်းလာရာ ဘေးပတ်ဝန်းကျင်ကိုငေးမောကြေည့်ရင်း
``ဒီနေရာလေးက သာယာတယ်နော်´´
``ဟုတ်တယ် ဆရာမလေး ကျွန်တော်တို့ဆီက သာယာသလို ရွာသူ/သား တွေကလည်းသဘောကောင်းကြတယ် ရွာရောက်ရင် ဆရာမနားလည်သွားမှာပါ´´
ဖိုးမောင်စကားကြောင့် ဆရာမလေးမျက်နှာပြုံးပြီး
``ကိုဖိုးမောင်ပြောတာတော့ လက်ခံပါတယ် ရွာတောင်မရောက်သေးဘူး ရှင်တို့အားလုံးရဲ့ ဖြူစင်မှုဧည့်ဝတ်ကျေပွန်မှုတွေက ကျမစိတ်ကို ချမ်းမြေ့စေပါတယ်´´
ဆရာမလေးစကားကြောင့် အားလုံးစိတ်ထဲဝမ်းသာသွားမိသည် ပထမထင်ထားတုန်းက ဆရာမလေးကမိန်းမသားဆိုတော့ မာနကြီးမယ်ထင်ထားတာ ခုထင်တာနဲ့လက်ရှိကြုံတွေ့နေရတာတွေက တခြားစီ
``ဆရာမလေး ´´
``ပြောလေ ကိုငသော်´´
``အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ သုံးယောက်က စာသိပ်မတတ်ကြဘူး သေစာရှင်စာလောက်ပဲဖတ်တတ်တာ ဟိုရောက်ရင် ထပ်ပြီးသင်ပေးပါအုံးနော်´´
``သင်ပေးမှာပေါ့´´
ပျော်ပျော်ရွှင်ရွှင်စကားတွေပြောလာရင်း ရွှေကျွန်းတောနားသို့ ရောက်လာသည်။တနေရာအရောက် ဆရာမလေး ခဏနားချင်သည်ပြော၍ လှည်းဖြုတ်ပြီး ခဏနားလိုက်သည် ပြီးတော့ သူငယ်ချင်းသုံးယောက် ဟိုဘက်နားသွားပြီး ထိုင်နေစဉ်
``ဖိုးမောင်နဲ့ ကိုထွေး တို့လာတုန်းက ဒီမှာ လူတွေမရှိပါဘူး ခု သွားလာနေကြတာများသားပဲ´´
ငသော်ပြောမှ ဖိုးမောင်နဲ့ကိုထွေးကြည့်လိုက်ရာ လူတွေသွားလာနေကြတာ များသားပဲ
``ဟိုမှာ အဘိုးစိန်ပါလား´´
``အဘိုး ဘယ်သွားမလို့လဲ´´
``ဟေ လူလေးတို့ပါလား ဘယ်သွားကြမလို့လဲ´´
``ဆရာမလေး သွားကြိုတာအဘ´´
``သြော် အေးအေး အဘသွားလိုက်အုံးမယ်´´
``ဟုတ် အဘ´´
တရွေ့ရွေ့နဲ့ ထွက်ခွာသွားသော အဘိုးစိန်ကိုကြည့်ပြီး အားလုံးငေးမောနေချိန်
``ကိုထွေး´´
ငသော်နှင့် ဖိုးမောင်တို့ကို ပြိုင်တူခေါ်လိုက်ပြီး အသံခပ်တိုးတိုးဖြင့်
``အဘစိန်က သေတာကြာပြီလေ´´
``ဒါ ဒါ ဒါဆို ငါတို့တွေ ဘာလို့တွေ့နေတာလဲ ´´
``ကိုဖိုးမောင် သွားကြမယ်လေ´´
ဆရာမလေးအသံကြောင့် ဖိုးမောင်တို့ ပြောလတ်စစကားရပ်သွားပြီး
``ဟုတ် ဆရာမလေး´´
နွားများပြန်တပ်ပြီး ရွာသို့ ထွက်လာကြရာလမ်းတစ်လျှောက် အတွေးကိုယ်စီဖြင့် စကားသိပ်မပြောဖြစ်တော့ပေ
ရွာနားရောက်ခါနီးလေ တစ်ယောက်ယောက်က နောက်ကဆွဲထားသလိုမျိုး သုံးယောက်စလုံး ခံစားနေကြသည်။ တဖြည်းဖြည်းနီးလာလေ ပိုပူလာလေဖြစ်နေပြီး ဟိုလှုပ်ဒီလှုပ် လှုပ်နေရာ
``ကိုဖိုးမောင်တို့ ဘာဖြစ်နေတာလဲ ´´
ဆရာမလေးစကားကြောင့် ငသော်က
``ဆရာမလေး ဒီလမ်းကသွားလိုက်ပါ ၂မိနစ်လောက်ဆို ရွာရောက်ပါပြီ ကျွန်တော်တို့တွေလှည်းက ရွာထဲဝင်လို့မရဘူး နောက်ကနေဝင်မှရတာ´´
``သြော် ဟုတ်ကဲ့ ရပါတယ် ဒါဆို ကျမသွားတော့မယ် မနက်ဖြန် လာခဲ့အုံးလေ ရှင်တို့နဲ့ သူငယ်ချင်းဖြစ်ပြီဆိုတော့ စကားပြောလို့ရတာပေါ့´´
လှည်းပေါ်က ဆင်းပြီး လမ်းလျှောက်သွားသော ဆရာမလေးကိုကြည့်ပြီး
``ဆရာမလေး ကျွန်တော်တို့ကို စာဆက်ပြီးသင်ပေးအုံးနော်´´
``ဟုတ်ကဲ့ သင်ပေးပါ့မယ်´´
ဆရာမလေးကျောပြင်ကိုငေးကြည့်ရင်း သုံးယောက်စလုံး
ပါးပြင်မှာ မျက်ရည်စတွေနှင့်
*******************
``ဟာ ဟိုမှာ ဆရာမလေးပါလား´´
တရွာလုံး ဝမ်းသာအားရဖြစ်ပြီး အားလုံးပျော်ရွှင်နေကြသည်။ ဦးဘမောင်မှ
``ဆရာမလေးကို လာကြိုတာ မတွေ့လို့စိတ်ပူနေတာ´´
``ရှင်´´
အံ့သြသွားရသူက ဆရာမလေးကိုယ်တိုင်
``ပြန်ပြောပါအုံး ကျမကိုလာကြိုတဲ့သူတွေက ကျမကိုမတွေ့လို့ ဟုတ်လား´´
``ဟုတ်တယ်ဆရာမလေး လာကြိုတဲ့သူတွေက ဟိုရောက်တော့ ဆရာမလေးကို မတွေ့လို့စိတ်ပူပြီး ဟိုလိုက်ရှာ ဒီလိုက်ရှာနဲ့ ဒီပြန်ရောက်လာတာ အားလုံးကလည်းစိတ်ပူနေတာ ရဲကိုတိုင်ပြီး လိုက်ရှာမလို့တောင်လုပ်နေတာ ဒါနဲ့ ဆရာမလေး ဘယ်လိုလုပ်ရောက်လာတာလဲ ဘယ်သူတွေလိုက်ပို့တာလဲ ဆရာမလေး´´
``ဦးလေးတို့လွှတ်လိုက်တဲ့ ဖိုးမောင် ငသော် ကိုထွေးတို့ လာကြိုတာလေ ရွာထဲလှည်းမဝင်ရလို့ဆိုပြီး ကျန်နေခဲ့တာ´´
ဆရာမလေးစကားကြောင့် အားလုံးမျက်နှာတွေပျက်ကုန်သည်။
``ဦးလေး ဘာဖြစ်လို့လဲ ´´
``ဆရာမလေးသိအောင်ပြောပြရရင် ဆရာမလေးကိုကြိုဖို့ သူတို့ကိုလွှတ်လိုက်တာပါ ရထားလမ်းကူးတာ လှည်းနဲ့ရထားတိုက်မိလို့ ပွဲချင်းပြီး သေကုန်ကြတာ အဲဒါနဲ့ နောက်တစ်ဖွဲ့ ထပ်လွှတ်လိုက်တာ´´
``ရှင် ဟုတ်လို့လား ဦးလေးရယ် လမ်းမှာတစ်လျှောက်လုံး သမီးကို စောင့်ရှောက်လာတာ ´´
``ဆရာမလေး မယုံရင် ဒီမှာ လာကြည့်ပါ သူတို့အလောင်းတွေ ဒီကိုသယ်လာကြတာပါ´´
ဆရာမလေးလည်း အံ့သြပြီး လွှမ်းထားသောစောင်များကိုဖယ်လိုက်ရာ
``ဒါက ကိုဖိုးမောင် ဒါက ကိုငသော် ဒါက ကိုထွေး´´
ဆရာမလေးရဲ့ တစ်ယောက်ချင်းစီကိုကြည့်ပြီး နာမည်နဲ့ပြောလိုက်တာကြောင့် ဦးဘမောင်တို့လည်း မျက်ရည်တွေ တဖြိုင်ဖြိုင်ကျလို့
**********************
``ဖိုးမောင် ငသော် ကိုထွေး မင်းတို့တွေ တာဝန်ကျေကြပါတယ်ကွာ တို့ရွာရဲ့ ဆရာမလေးကို မင်းတို့ စောင့်ရှောက်ပြီး ရွာရောက်အောင်လိုက်ပို့ခဲ့တာ တရွာလုံးကိုယ်စား ကျေးဇူးတင်ပါတယ်ကွာ´´
ဦးဘမောင်ပြောလိုက်သောစကားကြောင့် ရွာသူရွာသားတွေလည်း ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်မိကာ``မင်းတို့ကို ကုသိုလ်ကောင်းမှုပြုပြီး အမျှဝေပေးပါ့မယ်´´
ဆရာမလေးမှာလည်း ``ရှင်တို့တွေကို ကျမတစ်သက်မမေ့ပါဘူး ပြီးတော့´´စကားစကိုဆက်၍မပြောနိုင် ရင်ထဲမှာဆို့နစ်သွားပြီး ``ရှင်တို့ကို တကယ်ကျေးဇူးတင်ပါတယ် စာလည်း သင်ပေးချင်ပါတယ် နောက်ဘဝတွေများ ဆုံတွေ့ခွင့်ရရင် ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ မကြုံတွေ့ပါစေနဲ့လို့ ကျမဆုတောင်းပေးလိုက်ပါတယ် ကိုဖိုးမောင် ကိုငသော် ကိုထွေးတို့ရယ်´´
ပြီးပါပြီ
Credit to owner!
Comments
Post a Comment