မောင်သိဒ္ဓိနှင့်နဂါးဆိုး


မောင်သိဒ္ဓိနှင့်နဂါးဆိုး
++++++++++++
မောင်သိဒ္ဓိစာမူအမှတ်စဉ်(၁၁)

     ညကြီးအချိန်မတော် လူတစ်ဦးသည် 
လှည်းလမ်းလေးအတိုင်း ဦးတည်ရာမဲ့စွာ လျှောက်လှမ်းနေ၏။
သူသည် ခုနှစ်ရက်သားသမီးကို အကူအညီပေးမည်ဟု
ဆုံးဖြတ်ကာ ခြေဦးတည့်ရာသို့ သွားလာနေခြင်း ဖြစ်သည်။

     သာမန်လူသားတွေအဖို့ သူတစ်ဦးတည်း 
ခရီးသွားနေသည်ဟု ထင်မှတ်မိကြပေမည်။ သို့သော်
သာမန်အမြင်အာရုံနှင့် မမြင်နိုင်သော အစောင့်အရှောက်တစ်ဦး
ရှိလေသည်။

     ထိုသို့ ခုနှစ်ရက်သားသမီးကိုကယ်တင်ရန်
နှေရာအနှံ့ ခြေဆန့်နေသူ၏ အမည်နာမသည်ကား
မောင်သိဒ္ဓိပင်ဖြစ်ပေသည်။ သူ၏ အစောင့်အရှောက်သည်ကား
စတုမဟာရာဇ်မှ နတ်မင်းကြီးလေးပါး၏ လက်အောက်ရှိ
နတ်ဘီလူးစစ်သူကြီး ဒေဝယက္ခပင်ဖြစ်သည်။

     မောင်သိဒ္ဓိသည် ဘဝအဆက်ဆက် ပါရမီဖြည်ကျင့်လာသူမို့
မိမိကိုယ်ကိုယ် ကာကွယ်နိုင်သော်လည်း ခုနှစ်ရက်သားသမီး
ကယ်တင်ရေးခရီးစဉ်တွင် အမှားအယွင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက အသက်ပေးရမည်မှာ မြေကြီးလက်ခက်မလွဲပေ။
ဘဝအဆက်ဆက်က ပါရမီဖြည့်ကျင့်မှုတို့ သဲထဲရေသွန် ဖြစ်မည့်အရေး မလိုလားသဖြင့် တန်ခိုးအရာမှာရော ဥာဏ်ပညာအရာမှာပါ စိတ်ချရသည့် ဒေဝယက္ခအား
သိကြားမင်း၏အမိန့်နှင့် ဝိရူပက္ခနတ်မင်းကြီးကိုယ်တိုင်
အစောင့်အရှောက်အဖြစ်ဖြင့် မောင်သိဒ္ဓိငယ်စဉ်ကတည်းကပင်
ထားရှိခဲ့ခြင်းဖြစ်သည်။

     အသက်(၁၀)နှစ်အရွယ် ကလေးဘဝကတည်းက
အစောင့်အရှောက်အဖြစ် ရောက်လာခဲ့သော ဒေဝယက္ခသည်
မောင်သိဒ္ဓိ၏အပါး၌ ရှိနေခဲ့သည်မှာ လူ့ပြည်အချိန်ကာလ
(၈)နှစ်ကျော်ခဲ့ပြီဖြစ်သည်။ 

     မောင်သိဒ္ဓိသည်လည်း ဒေဝယက္ခအပေါ် သံယောဇဉ်
ရှိပါသည်။ လူသားတစ်ဦးနှင့် နတ်ဘီလူးတို့ တစ်ဦးနှင့်တစ်ဦး
ခင်တွယ်၍ သံယောဇဉ်ဖြစ်ကြသည်မှာ သာမန်လူတို့အဖို့
အထူးအဆန်းဖြစ်နေမည်မှာ အမှန်ပင်ဖြစ်သည်။

      ရွှေချောင်းရွာမှ ညအချိန်တွင် တိတ်တဆိတ်
ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ကူညီရမည့်လူကို ကူညီပြီးပြီမို့
ထိုရွာလေားအား ကျောခိုင်းခဲ့ခြင်း ဖြစ်ပေသည်။

     မောင်သိဒ္ဓိသည် သူ၏ကျေးဇူးရှင် ဘဘုန်း၏
ကျောင်းကလွဲ၍ တခြားအရပ်၌ ကြာကြာနေလိုစိတ် မရှိပေ။
ခုနှစ်ရက်သားသမီးကိုကယ်တင်ရန် ခရီးထွက်ပါဟူသော
သိကြားမင်း၏ တောင်းဆိုချက်အရ ထွက်လာခဲ့ရပေမယ့်
သာယာအေးရွာသူရွာသားများနှင့် ဘဘုန်းကိုတော့ မမေ့ပေ။

     ရွှေချောင်းရွာမှ ထွက်လာခဲ့ပြီးနောက် နာဂရာဇာမြစ်
(နာဂ-နဂါး, ရာဇာ-မင်း, နဂါးမင်းအုပ်စိုးသောမြစ်)သို့
ရောက်လာခဲ့လေသည်။ မြစ်နံဘေးရှိ ကျောက်တိုင်တွင်
နာဂရာဇာမြစ်ဟု ရေးထွင်းထားသောကြောင့် 
ထိုမြစ်၏နာမည်သည် နာဂရာဇာဖြစ်ကြောင်း မောင်သိဒ္ဓိတို့
သိခဲ့ရ၏။

     မြစ်၏သည် အလျားရှည်သော်လည်း အနံအားဖြင့်
သိပ်မကျယ်ပေ။ ကိုက်(၁၀၀)ကျော်မျှသာ ရှိမည်ဟု ခန့်မှန်းရ၏။
မောင်သိဒ္ဓိသည် ကမ်းနံဘေးရှိ ကျောက်တုံးတစ်တုံးကို
မြစ်ထဲသို့ ပစ်ချလိုက်သည်။ မြစ်သည် အတော်နက်မည်ဟန်
ရှိလေသည်။ မြစ်ကူးတံတားလည်း မရှိပေ။

     အချိန်အားဖြင့် နေမွန်းတည့်တော့မည်ဖြစ်သည်။
ထို့ကြောင့် ဒေဝယက္ခသည် မောင်သိဒ္ဓိအား နေ့လည်စာစားရန်
သစ်သီးများပေး၏။ မောင်သိဒ္ဓိလည်း ဒေဝယက္ခပေးသော
သစ်သီးများကို စားနေပါသည်။

     ထိုအချိန်တွင် မြစ်၏အထက်ဘက်စီမှ မြုပ်ချည်ပေါ်ချည်နှင့်
အောက်သို့ ကူးလာသော အကောင်ကြီးကို တွေ့ရလေသည်။
ထိုအကောင်ကြီး အနီးသို့ရောက်လာမှ နဂါးဖြစ်ကြောင်း
သိရလေသည်။ 

     နဂါးသည် မောင်သိဒ္ဓိတို့ရှိနေရာသို့ ရောက်သောအခါ
ရေထဲသို့ ငုတ်လျှိုးသွား၏။ ထို့နောက်တွင် မြစ်ထဲမှ
လူရွယ်တစ်ဦး ပေါ်လာလေသည်။ ထိုလူသည်
မြစ်ရေပြင်ပေါ်တွင် ခါးထောက်ကာ မတ်တပ်ရပ်နေပြီး
မောင်သိဒ္ဓိတို့အား စိုက်ကြည့်နေ၏။

     ထို့နောက် မောင်သိဒ္ဓိတို့အား လက်ညှိုးထိုးကာ...

     "သင်ကဘယ်သူလဲ။ ဘာကြောင့် ငါပိုင်တဲ့မြစ်ထဲကို
ကျောက်တုံးပစ်ချရတာလဲ။ သင်ပစ်လိုက်တဲ့ ကျောက်တုံးက
ကျွန်ုပ်ရဲ့ နန်းဆောင်ခေါင်မိုးပေါ်လာကျတာ သင်မသိလေရောလား"

     "ကျွန်ုပ်မသိလို့ ပစ်ချမိတာပါ။ တောင်းပန်ပါတယ်"

     "တောင်းပန်တာနဲ့ ကျွန်ုပ်က ကျေနပ်ရမှာလား။
သင်လည်း ထပ်တူခံစားစေရမယ်"

     ဟု ပြောကာ ရေထဲသို့ ပြန်ဝင်သွား၏။ ထို့နောက်တွင်
ကြီးမားသော နဂါးအသွင်ဖြင့် ပြန်ပေါ်လာကာ အမြီးဖြင့်
ရေပြင်အား ပြင်းထန်စွာ ရိုက်လိုက်လေသည်။

     ပြင်းထန်အားပါသော ရိုက်ချက်ကြောင့် ရေလုံးကြီးသည်
မောင်သိဒ္ဓိရှိရာသို့ စင်ထွက်လာ၏။ 

     ဒေဝယက္ခသည် သူ၏ခန္ဓာကိုယ်အား ကြီးမားအောင်
ဖန်ဆင်းလိုက်ပြီး မောင်သိဒ္ဓိအရှေ့၌ ဝင်ကာပေး၍သာ
ရေလုံးကြီး၏ ရိုက်ခက်မှုဒဏ်ကို မခံရခြင်းဖြစ်ပေသည်။
ဒေဝယက္ခသာ အရှေ့ကဝင်မကာခဲ့ပါမူ ရေလုံး၏ 
ရိုက်ခက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရမည်မှာ မလွဲပေ။

     "ရာရာစစ အရှင့်ကိုတောင် ဒီလိုလုပ်ရဲတာ 
တော်တော်အတင့်ရဲတဲ့နဂါးစုတ် သေပေတော့"

     ဒေဝယက္ခသည် တင်းပုတ်ကြီးဖြင့် နဂါး၏ခေါင်းအား
ထုလိုက်လေသည်။ နဂါးသည် ရေထဲသို့ အလျှင်အမြန်
ငုတ်လျှိုးသွား၍ တင်းပုတ်သည် ရေပြင်ကိုသာ ဗွမ်းခနဲ
ရိုက်မိလေသည်။

     ခေါင်းကိုမရိုက်မိ၍ ဒေဝယက္ခသည် နတ်ဘီလူးပီပီ
ဒေါသအမြတ်ထွက်သွားကာ ရေပေါ်တွင် ကျန်ရှိသော
ကိုယ်လုံးအား တင်းပုတ်ဖြင့် ထပ်ထုလေသည်။ နဂါးသည်
ရေကူးအလွန်မြန်၍ ကိုယ်လုံးအား မရိုက်မိပြန်ပေ။
နဂါး၏ အမြီးဖျားကိုသာ ရိုက်မိ၏။

     ဒေဝယက္ခသည် မြစ်အတွင်းသို့ဆင်းကာ နဂါးပေါ်လာလျှင်
ရိုက်ရန် အဆင်သင့်ပြင်ထားလေသည်။ မြစ်ရေ၏အနက်သည်
ဒေဝယက္ခ၏ ခါးအထိရှိလေသည်။ ဒေဝယက္ခသည်
ဟိုကြည့်သည်ကြည့်နှင့် နဂါးအား ရှာဖွေနေ၏။

     နဂါးသည် ဒေဝယက္ခဘေးမှ လျှင်မြန်သောအရှိန်ဖြင့်
ကူးခပ်ကာ ဒေဝယက္ခအား ဒေါသအမြတ် 
ထွက်သည်ထက်ထွက်အောင် ပြုလုပ်နေလေသည်။

     နဂါးသည် ဒေဝယက္ခ၏ အနောက်မှ 
ရုတ်တရတ်ပေါ်လာကာ ဒေဝယက္ခအား အမြီးဖြင့်ရိုက်ပြီး
ပြန်လည်ငုတ်လျှိုးသွား၏။ ဒေဝယက္ခသည် ရှေ့သို့ အနည်းငယ်
ယိုင်သွားလေသည်။ 

     နဂါးသည် ဒေဝယက္ခဘေးမှ ကူးခပ်ပြန်၏။
ဒေဝယက္ခသည် လက်ဖြင့်လှမ်းဖမ်းဆွဲသော်လည်း နဂါး၏
လျှင်မြန်သောအရှိန်ကြောင့် မမိဘဲရှိနေလေသည်။

     နဂါးသည် ဒေဝယက္ခ၏ အနောက်မှပေါ်လာကာ
ဒုတိယအကြိမ် အမြီးဖြင့်ရိုက်လေသည်။ 
ရိုက်ချက်ပြင်းထန်သောကြောင့် လက်ထဲကတင်းပုတ်သည်
ကမ်းပေါ်သို့ လွှင့်စင်သွားရသလို ဒေဝယက္ခသည်လည်း
လဲကျမသွားစေရန် လက်ဖြင့်ထိန်းလိုက်ရ၏။

     နဂါးသည် ဒေဝယက္ခဘေးမှ ခေါက်တုံ့ခေါက်ပြန်
ကူးခပ်နေ၏။ ဒေဝယက္ခလည်း လှမ်းဆွဲဖမ်းနေရာ 
မမိဖန်များလာတော့ ဒေါသထိပ်ခေါင် ရောက်နေလေသည်။

     မောင်သိဒ္ဓိသည် ဒေဝယက္ခ၏အဖြစ်ကိုကြည့်ပြီး
ကူညိရန်ပင်မေ့ကာ ရယ်မောနေလေသည်။

     နဂါးသည် တစ်ချက်သတိလစ်သွားဟန် တူ၏။
ဒေဝယက္ခအား ဆွဲလှဲရန် ခြေထောက်တစ်ဖက်အား
အမြီးဖြင့် ပက်လိုက်လေသည်။ ဤသည်က နဂါးအတွက်
ကံဆိုးမှုတစ်ခု ဖြစ်သွား၏။

     ဒေဝယက္ခသည် ကျန်ခြေထောက်ဖြင့် နဂါးအား
နင်းလိုက်၏။ ပြီးနောက်တွင် နဂါး၏အမြီးမှ ဆွဲကိုင်မွေ့ယမ်းကာ
လွှင့်ပစ်လိုက်၏။

     နဂါးသည် အတော်နာကျဉ်သွားရ၏။ ထို့ကြောင့်
ဒေဝယက္ခအား မီးဖြင့်မှုတ်လိုက်သည်။ ပြီးနောက်တွင်
ကြောက်လန့်တကြား ရေအောက်သို့ ငုတ်လျှိုးသွား၏။

     ဒေဝယက္ခ၏ကိုယ်၌ လောင်နေသောမီးတို့သည်
တဖြည်းဖြည်းနှင့် ငြိမ်းသွား၏။ ဒေဝယက္ခ အပေါ်ကို
မော့ကြည့်သောအခါ သုရာမဂဠုန်မင်းအား တွေ့ရလေသည်။

     သုရမဂဠုမင်းသည် မြေပြင်သို့ဆင်းသက်လာကာ
လူအသွင်ပြောင်းလိုက်၏။ ထို့နောက်တွင် မောင်သိဒ္ဓိအား
အရိုအသေပေး၏။ ထိုအချိန်တွင် ဒေဝယက္ခသည်
အနားသို့ရောက်လာသည်။

သုရာမ။ ။ ဘယ်လိုဖြစ်ရတာလဲအရှင်။ ကျွန်ုပ်နေထိုင်ရာ
တောင်ကနေ အရှင့်ကိုအာရုံခံကြည့်တော့ နဂါးနဲ့ စစ်သူကြီးတို့
တိုက်ပွဲဖြစ်နေတာတွေ့လို့ လိုက်လာခဲ့တာ။

မောင်သိဒ္ဓိ။ ။ မြစ်ဘေးရောက်လို့ မြစ်ရေနက်မနက်
သိချင်တာနဲ့ ကျောက်တုံးပစ်ချမိတာက စတာဘဲဂဠုန်မင်း။
ကျွန်ုပ်ပစ်လိုက်တဲ့ ကျောက်တုံးက သူ့နန်းတော်ခေါင်မိုးပေါ်
ကျတယ်ဆိုပြီး ရေကိုအမြီးနဲ့ရိုက်ပြီး ကျွန်ုပ်ကို 
ရေလုံးနဲ့ပစ်တာကို ယက္ခကြီးက ရှေ့ကဝင်ကာပြီး
တိုက်ပွဲဖြစ်တာဘဲ။

ဒေဝယက္ခ။ ။ ဂဠုန်မင်းရယ် ကျွန်ုပ်အရှင် ကျွန်ုပ်ကို
ချစ်လိုက်ပုံများ မကူညီဘဲ ထိုင်ရယ်နေလေရဲ့ဗျာ။

မောင်သိဒ္ဓိ။ ။ မဟုတ်ပါဘူး ယက္ခကြီးရယ်။ ယက္ခကြီး
ဒေါသထွက်နေတာက ရယ်စရာကောင်းလို့ပါ။

သုရာမ။ ။ ကဲပါစစ်သူကြီးရယ် ဒေါသထွက်မနေနဲ့တော့။
အဲ့ဒီနဂါးကို ကျွန်ုပ်ဖမ်းပေးပါ့မယ်။

ဒေဝယက္ခ။ ။ မြန်မြန်သာဖမ်းလိုက်စမ်းပါ ဂဠုန်မင်းရာ။
ဒီကောင့်ကို စိစိညက်ညက်ကျေအောင် တင်းပုတ်နဲ့
ထုပစ်ချင်လို့။

     မောင်သိဒ္ဓိနှင့် သုရာမတို့ ဒေဝယက္ခ၏စကားကြောင့်
ရယ်မောလိုက်ကြသည်။

     ထို့နောက်တွင် သုရာမသည် ကြီးမားသော
ဂဠုန်ငှက်အသွင်သို့ပြောင်းကာ မြစ်အပေါ်တွင်ရပ်လျှက်
အတောင်များ တဖျက်ဖျက်ခတ်လေသည်။

     မြစ်ရေများသည် ဘေးသို့ ကွဲထွက်သွားကာ
မြစ်ကြမ်းပြင် ပေါ်လာ၏။ မြစ်ကြမ်းပြင်တွင် ကြောက်ရွံ့နေသော
နဂါးအားတွေ့၏။ သုရာမဂဠုန်မင်းသည် နဂါးအား
သုတ်ချီကာ မောင်သိဒ္ဓိထံသို့ ခေါ်ဆောင်လာခဲ့လေသည်။

     ဒေဝယက္ခသည် တင်းပုတ်နှင့်ထုမည် ပြင်နေ၍
သုရာမဂဠုန်မင်းက ထိန်းထားရ၏။

     ထိုအချိန်တွင် သူတို့ဘေး၌ အဝါရောင်တောက်တောက်နှင့်
နတ်မင်းတစ်ပါး ရောက်လာ၏။ ထိုနတ်မင်းအား
မြင်သောအခါ သုရာမ၊ ဒေဝယက္ခနှင့် နဂါးတို့သည်
အရိုအသေပေးကြ၏။ ထိုနတ်မင်းသည်။

     "နာဂ သင်ဟာ ငယ်ရွယ်နုနယ်သေးပြီး ဒေါသကို
ရှေ့တန်းတင်လွန်းနေတယ်။ အရှင့်ကို မသိလို့ 
တိုက်ခိုက်မိတာကို အပြစ်ပေးတဲ့အနေနဲ့ အရှင့်ရဲ့ အစောင့်အရှောက်အဖြစ် တာဝန်ပေးအပ်တယ်။

     သုရာမဂဠုန်မင်းလည်း အရှင့်ရဲ့ အစောင့်အရှောက်အဖြစ်
တာဝန်ထမ်းဆောင်ရမည်လို့ အမိန့်တော်ပါတယ်"

     "အမိန့်တော်အတိုင်းပါ နတ်မင်း"

     "ဒေဝယက္ခ သင်သည် အရှင်၏အပါးတော်ကို 
ရောက်ရှိနေသည်မှာ ကြာပြီဖြစ်လို့ နဂါးမင်းသားနာဂနှင့်
ဂဠုန်မင်းသုရာမတို့ကို သေချာထိန်းသိမ်းပေးပါ"

     "အမိန့်အတိုင်းပါနတ်မင်း"

     နတ်မင်းသည် ပြန်လည်ကြွချီသွား၏။

     ဒေဝယက္ခသည် သူ၏ခန္ဓာကိုယ်အား ကြီးမားအောင်
ဖန်းဆင်းပြီး မောင်သိဒ္ဒိအား တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေး၏။
နာဂသည်ရေကူး၍ တစ်ဖက်သို့ကူပြီး သုရာမသည်
ပျံသန်းကာ တစ်ဖက်ကိုကူးလေသည်။

     ထို့နောက် မောင်သိဒ္ဓိသည် အစောင့်အရှောက်များနှင့်
ဆက်လက်ခရီးဆက်ခဲ့လေသည်။

မောင်သိဒ္ဓိ
အောင်အောင်(ရွှေမန်းသား)

Comments