ဆရာပိုင်နှင့် တိုက်ပျက်ကြီးက မုန့်ဆီကြော်


ဆရာပိုင်နှင့် တိုက်ပျက်ကြီးက မုန့်ဆီကြော် 
_____________________________________________

( ဂမ္ဘီရဆန်းကြယ်ဝတ္ထု _ စ / ဆုံး )

သပြေကုန်းရွာတောင်ဘက်တွင် ရိုးချောင်းကလေးတခုရှိ၏။ ယင်းရိုးချောင်းလေးအလွန်တွင် တောတန်းရှည်တခုရှိ၏။ ထိုတောတန်းရှည်ကိုလွန်လျှင် မန်ကျည်းစဉ်ဟုခေါ်သော ရွာကြီးတခုရှိလေသည်။ မန်ကျည်းစဉ်ရွာနှင့် သပြေကုန်းရွာ၊ ရွာနှစ်ရွာစပ်ကြားတွင်ရှိသော တောတန်းလေးမှာ တိုက်ပျက်ကြီးတလုံးကြောင့် နာမည်ကြီးလေသည်။ နှစ်ထပ်တိုက်ပျက်ကြီးမှာ ပြိုကျလုမတတ်ဟောင်းနွမ်းပျက်စီးနေပြီး လှေကားလက်ရန်းတွင်ထုဆစ်ထားသည့် ဘီလူးနှင့် ဇော်ရုပ်များ၊ အမိုးတွင် တွဲလွဲခိုနေသည့် ပန်းဆွဲလက်ရာများမှာ အကောင်းအတိုင်းရှိနေသေးလေသည်။ ထိုတိုက်ပျက်ကြီးနှင့် ပတ်သက်ဆက်နွယ်သော ရာဇဝင်များကား မျိုးစုံလှသည်။ တချို့က ထိုတိုက်ပျက်ကြီးကို ရှေးဘုရင့်အနွယ်တော်တဉ်ီးဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ တချို့ကတော့ ယင်းတိုက်ပျက်ကြီးကို ရှေးမှူးမတ်တဉ်ီးဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုပြီး တချို့ကလဲ ယင်းတိုက်ပျက်ကြီးမှာ အင်္ဂလိပ်-မြန်မာကပြားအရေးပိုင်တဉ်ီးနေထိုင်ခဲ့သည့် စံအိမ်တော်ကြီးဟုလည်းဆိုလေသည်။ ထို့ထက်ထူးပြီး အခြားသူများက ယင်းတိုက်ပျက်ကြီး၏ မူလပိုင်ရှင်များမှာ ကုလားလူမျိုးချစ်တီးအရင်းရှင်တဉ်ီးဖြစ်ပြီး ဓားပြတို့စိန်လည်ဂျာဖြင့်သတ်၍ သေဆုံးခဲ့ကြသည်ဟုဆိုလေသည်။ စိန်လည်ဂျာဆိုသည်မှာ စကောကိုအလယ်ကအပေါက်ဖောက် ၍ လူ၏ခေါင်းကိုစွပ်ကာလှည့်ပြီး သွေးစက်လက်ကျအောင်နှိပ်စက်သည့် ပစ္စည်းမျိုးဖြစ်လေသည်။ ထို့ပြင် တိုက်ပျက်ကြီးနှင့်ပတ်သက်၍ အခြားသူများပြောဆိုကြသည့် ရာဇဝင်တခုလဲရှိပေသေးသည်။ 

ထိုရာဇဝင်မှာ ဂျပန်ခေတ်တုံးက ဟောင်းနွမ်းပျက်စီးနေသည့် တိုက်ပျက်ကြီးဆီသို့ မယ်သီလရှင်အိုကြီးသုံးပါးလာရောက်နေထိုင်ခဲ့ကြလေသည်။ ထိုသီလရှင်အိုကြီးများမှာ စကောများကိုရွက်ပြီး အနီးအနားကျေးရွာများသို့လှည့်လည်ပြီး ဆွမ်းဆန်ကိုအလှူခံလေ့ရှိသည်။ ထို့နောက် ရရှိလာသော ဆွမ်းဆန်ကိုချက်ပြုတ်စားသောက်ကာ ယင်းတိုက်ပျက်ကြီးထဲတွင်နေထိုင်ခဲ့ကြလေသည်။ ထိုသို့ရှိရာ  
တနေ့တိုက်ပျက်ကြီးဆီမှ အပုပ်နံ့များစူးစူးရှရှရခဲ့ကြလေသည်။ ထို့ကြောင့် မန်ကျည်းစဉ်ရွာသားတချို့လဲ စုဝေးကာ ယင်းတိုက်ပျက်ကြီးဆီသို့ချီတက်ခဲ့ကြလေသည်။ ထိုအခါ ၎င်းတို့တွေ့လိုက်ရသည်မှာ တယောက်ပေါ်တယောက်ထပ်လျက် ဇက်ကျိုးကျကာ သေဆုံးနေသည့် သီလရှင်အိုကြီးသုံးပါးကိုတွေ့မြင်ခဲ့ကြလေသည်။ သီလရှင်အိုကြီးများမှာ ရက်ပေါင်းနှစ်ဆယ်နီးပါးလူမသိ၊ သူမသိသေဆုံးနေလေရာ အရိအရွဲများပင်တက်လျက်ရှိပြီး အသားများမှာ လက်နှင့်ထိလိုက်ရုံမျှနှင့် ပဲ့ကြွေ
ကုန်ကြသည်ဟုဆိုလေသည်။ 

ထိုတွင်မှစ၍ တိုက်ပျက်ကြီးအနီးနားသို့ အကြောင်းကိစ္စမရှိပဲ မည်သူမျှ မသွားရဲကြတော့ပေ ..။ အကြောင်းသိသူများက တိုက်ပျက်ကြီးကိုရှောင်ကွင်းပြီး တောတန်းကြီးကို တကွေ့ကြီးပတ်ကာ အလိုရှိရာသို့သွားကြလေသည်။ ထိုခရီးသည် တိုက်ပျက်ကြီးဘက်မှသွားသော ခရီးထက်၊ သုံးဆနီးပါးဝေးလေသည်။ 

မန်ကျည်းစဉ်ရွာမှာ စည်ကားသင့်သည်ထက် ပို၍စည်ကားလျက်ရှိသော ရွာကြီးတရွာဖြစ်လေသည်။ အိမ်ခြေ(၅၀၀)ကျော်ရှိသော ရွာကြီးမှာ လူဉ်ီးရေအားဖြင့် ငါးထောင့်၊ ခြောက်ရာနီးပါးရှိလေသည်။ ရွာကိုအပိုင်းငါးပိုင်းခွဲပြီး နယ်မြေတခုကို ရာအိမ်မှူးတယောက်ဖြင့် အုပ်ချုပ်လေသည်။ ထို့ကြောင့် မန်ကျည်းစဉ်ရွာတွင် ရာအိမ်မှူးငါးယောက်ရှိပြီး ယင်းတို့၏အထက်တွင် ရွာသူကြီးရှိလေသည်။ ဉ်ီးစိန်လှအောင်မှာ မန်ကျည်စဉ်ရွာ၏ရာအိမ်မှူးတဉ်ီးဖြစ်ရုံသာမက ရွာမျက်နှာဖုံးသူဌေးတဉ်ီးလဲဖြစ်၏။ မျိုးရိုးစဉ်ဆက်ချမ်းသာခဲ့သူ ဉ်ီးစိန်လှအောင်ထံတွင် ဆန်စက်များရှိ၏။ ဆီစက်များရှိ၏။ 
ခြံကြီးများနှင့် မွေးမြူထားသော နွားနှင့် ဆိတ်၊ ဝက်များလဲရှိပြီး ထရော်လာဂျီများလဲ လက်ညှိုး ထိုးမလွဲရှိလေသည်။ ဉ်ီးစိန်လှအောင်၏အသက်မှာကား ငါးဆယ့်လေးနှစ်စွန်းရုံသာရှိလေသေးသည်။ 

ဉ်ီးစိန်လှအောင်သည် လက်ညှိုးထိုးမလွဲသော လယ်ယာကန်သင်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ 
လယ်ယာသုံးစက်ကိရိယာများ၊ ဆန်စက်နှင့် ဆီစက်များကိုပိုင်ဆိုင်သော်လည်း ငွေဂုဏ်မောက်မာခြင်းအလျဉ်းမရှိပေ ..။ ၎င်းထံတွင် အလုပ်လုပ်ကိုင်နေကြသည့် ရာနှင့်ချီသော အလုပ်သမားများကိုလဲချစ်ခင်လေသည်။ ထိုအလုပ်သမားမိသားစုဝင်များ၏စားဝတ်နေရေးနှင့် ကျန်းမာရေးကိုလည်း အမြဲတစေအကူအညီပေးလိုသူဖြစ်၏။ 
ထို့ကြောင့် အလုပ်သမားများကလည်း ဉ်ီးစိန်လှအောင်အပေါ် သစ္စာစောင့်သိကာ အလုပ်ကိုကြိုးစားလုပ်ကိုင်ပေးတတ်ကြသည်။ ဉ်ီးစိန်လှအောင်မှာ မိမိဆီစက်ကကျိတ်လိုက်သော မြေပဲနှင့် နှမ်းဖတ်များကို မိမိနွားများကိုလဲကျွေး၏။ နွားရှိသော ရွာသားများကိုလဲဝေငှပေးလေသည်။ ဆိုရသော် မန်ကျည်းစဉ်တရွာလုံးတွင်ရှိသည့် နွားများကို ဉ်ီးစိန်လှအောင်က အစာကျွေးထားခြင်းပင် ..။ 

သူဌေးကြီးဉ်ီးစိန်လှအောင်နှင့် သူဌေးကတော်ဒေါ်ရီကွေးတို့ထံတွင် မမိပုဟူသော သမီးတဉ်ီးရှိလေရာ 
မြို့ကျောင်းကိုတက်ရင်း ဥပဒေကျောင်းသားနှင့် 
အကြောင်းပါလေသည်။ ဉ်ီးစိန်လှအောင်တို့မှာ အ
ဆင့်အတန်းမခွဲခြားသော လူကြီးလူကောင်းများဖြစ်သည့်အားလျော်စွာ သမီးမပုနှင့် ထိုကျောင်း
သားကိုသဘောတူခဲ့လေသည်။ ထိုဥပဒေကျောင်းသားမှာလည်း ယခုအခါတွင် မြို့နယ်တခု၏တရားသူကြီးတဉ်ီးဖြစ်နေလေသည်။ ၎င်းတို့မှ  
သားသမီးသုံးဉ်ီးမွေးဖွားခဲ့ပြီး သုံးဉ်ီးလုံးမှာ သမီးမိန်းကလေးများချည်းဖြစ်လေသည်။ သမီးသုံးဉ်ီးအနက်အကြီးဆုံးက အထက်တန်းသို့တက်နေလေပြီ ..။ အလတ်မနှင့် အငယ်မလေးတို့က အလယ်တန်းကျောင်းသူများပင်ဖြစ်နေလေသည်။ သို့ရှိစဉ် မမျှော်လင့်ပဲ မပုတွင် ကိုယ်လေးလက်ဝန်ရှိလာပြန်သည်။ ဆေးဝါးစုံလင်သည့် မြို့ကြီးပြကြီးပေါ်တွင် နေထိုင်သည့်အတွက် ထိုကလေးမှာ ယောက်ျားလေးဖြစ်ကြောင်းကြိုတင်သိရှိခဲ့ကြလေသည်။ 

ထိုအခါ မန်ကျည်းစဉ်ရွာသူဌေးကြီးဉ်ီးစိန်လှအောင်က အပျော်ကြီးပျော်၏။ သူဌေးကတော်ဒေါ်ရီကွေးလဲ ထိုနည်းတူ ..။ သားအချစ်၊ မြေးအနှစ်ဆိုသလို 
သားဉ်ီးယောက်ျားလေးကိုဂရုစိုက်ရန်ပြင်လေသည်။ မပုကိုရွာသို့ပြန်ခေါ်ပြီး မိမိတို့နှင့် အနီးကပ်ထားလေသည်။ ကိုယ်ဖိရင်ဖိပြုစုကြ၏။ ရေတာရှည်မြို့ပေါ်သို့သွားကာ ကောင်းပေ့၊ ညွန့်ပေ့ဆိုသော သားဖွားဆရာမတဉ်ီးကိုငှားရမ်းပြီး ဝိုင်းထဲ ယာယီအိမ်ဆောက်ပေးလေသည်။ 

အဘိုးအဘွားများ၏အရိပ်တကြည့်ကြည့်နှင့် ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် မပုကလေးမွေးဖွားခဲ့လေသည်။ ကလေးမှာ အဘိုးဖြစ်သူဉ်ီးစိန်လှအောင်ငယ်စဉ်ကကဲ့သို့ လုံးလုံးကျစ်ကျစ်၊ ဝဝဖြီးဖြီး၊ တလုံးတခဲကြီးနှင့် ချစ်စဖွယ်ဖြစ်လေသည်။ 
ထို့ကြောင့် ဉ်ီးစိန်လှအောင်က ကလေးအမည်ကို 
၎င်းနှစ်သက်သော လူရွှင်တော်နာမည်ကိုယူ၍ မောင်ချစ်ဖွယ်ဟုအမည်ပေးခဲ့လေသည်။ မကြာခင်တွင် ကလေးဖခင်၊ တရားသူကြီးမင်းကိုလှကျော်ရွာသို့လိုက်လာခဲ့လေသည်။ ကိုလှကျော်မှာ ၎င်းသား၏အမည်ကို မောင်ချစ်ဖွယ်ဟု အမည်ပေးခြင်းအား မနှစ်သက်ချေ ..။ သို့သော် တသက်လုံးမိမိအပေါ်ကောင်းခဲ့သည့် ယောက္ခမများကိုမလွန်ဆန်နိုင်လေရာ လိုက်လျောပေးခဲ့ရလေသည်။ 

မောင်ချစ်ဖွယ်လေးမွေးဖွားပြီး ရက်ပေါင်းတရာပြည့်မြောက်သော် သူဌေးကြီးဉ်ီးစိန်လှအောင်က ပုခက်တင်အလှူကိုကြီးစွာလုပ်ရန်စိုင်းပြင်လေသည်။ ​ရွာနီးချုပ်စပ်ကို မောင်းကြေးခတ်လိုက်လေသည်။ လက်ဆောင်ပဏ္ဍာရယူလာဖို့မလိုကြောင်းနှင့် ခုနှစ်ရက်၊ ခုနှစ်လီအလှူကြီးပေးမည်ဖြစ်ကြောင်းကိုကြောငြာလေသည်။ ထမင်းရေချောင်းစီးမောင်းတီးလှူတတ်သည့် ဉ်ီးစိန်လှအောင်၏အလှူတွင် လွေးရန် တရွာလုံးအစားလျှော့စားကြလေတော့သည်။ ထို့ပြင် မြို့ပေါ်မှ နာမည်ကျော်ဓမ္မာစရိယအချို့ကိုလဲပင့်ဖိတ်ထားခဲ့လေသည်။ 

ဉ်ီးစိန်လှအောင်မှာ အလှူတွင်ကျွေးမွေးရန်လိုအပ်သော သားငါးများကိုဝယ်ယူခဲ့လေသည်။ ၎င်းအိမ်တွင် လက်တိုလက်တောင်းခိုင်းလေ့ရှိသည့် စံလှနှင့် 
စံမြတို့ညီအစ်ကိုကိုငွေပေးပြီး သပြေကုန်းရွာသို့အသားဝယ်ရန်လှည်းနှင့် လွှတ်လိုက်လေသည်။ သပြေကုန်းရွာတွင် မွေးမြူရေးလုပ်သော ရန်ကုန်
သားကြီး(ခေါ်)ဉ်ီးလှမင်းအိမ်တွင် ယနေ့မနက်ကဝက်ပေါ်လေသည်။ ဝက်မှနှစ်ကောင်တောင်ပေါ် ခြင်းဖြစ်၏။ နှစ်ကောင်လုံးအဆီနှင့် အသားများပြည့်ဖြိုးနေသည့် ဝက်သိုးကြီးနှစ်ကောင်ဖြစ်လေသည်။ 

စံလှနှင့် စံမြတို့ညီအစ်ကိုမှာ မသိမသာနှင့် ရွတ်တတ်သော တဇွတ်ထိုးသမားများဖြစ်ကြသည့်အပြင် သရဲ၊ တစ္ဆေကိုလဲ အယုံအကြည်မရှိချေ ..။ ထို့ကြောင့် အရက်သေစာကိုသောက်စားပြီး တဖက်ရွာသို့ထွက်လာခဲ့ကြသည်။ လူအများရှောင်ကွင်းသွားလာလေ့ရှိသော တိုက်ပျက်ကြီးရှိရာလမ်းဘက်မှမောင်းနှင်လာခဲ့ကြသည်။ အသွားခရီးမှာ ဖြောင့်ဖြောင့်ဖြူးဖြူးပင် ..၊ ပြဿနာမရှိ ..။ သပြေကုန်းရွာသို့ရောက်လျှင် ဝက်ပေါ်သည့်အိမ်သို့တန်းမသွားသေးပဲ အရက်ပုန်းဆိုင်သို့ဝင်ကာ ရဲဆေးတင်ကြသေးသည်။ ထို့နောက် ရန်ကုန်သားကြီးအိမ်သို့သွားကာ စင်းစင်းကြီးသေနေသော  
ဝက်နှစ်ကောင်ကိုလှည်းပေါ်သို့ လူအားနှင့်တင်လေသည်။ ခုတ်ထစ်မထားရကောင်းလားဟုဆိုကာ ရန်ကုန်သားကြီးဆိုသူနှင့်ပင် စကားကတောက်ကဆများခဲ့ကြရသည်။ သူများရွာလဲဖြစ်ပြန် သပြေကုန်းရွာသားများ၏`ဇ`ကိုလဲသိသောကြောင့် အသာတပ်ခေါက်ပြန်ခဲ့ကြသည်။ 

ရိုးချောင်းလေးနားတွင် ငှက်ပျောရွက်များကိုခုတ်ပြီး လှည်းပေါ်က ဝက်များကိုဖုံးအုပ်ခဲ့ကြလေသည်။ အပြန်ခရီးတွင် ညနေငါးနာရီထိုးလုပြီ ..။ 
ရွာသို့အမြန်ရောက်ရှိစေရန် တိုက်ပျက်ကြီးရှိရာလမ်းကိုရွေးချယ်ခဲ့ကြလေသည်။ ထိုသို့နှင့် မောင်းနှင်လာခဲ့ကြရာ တစတစဖြင့် တိုက်ပျက်ကြီးကိုမြင်ကြရလေသည်။ တိုက်ပျက်ကြီးမှာ အနည်းငယ်မျှ လူနေထိုင်ရန်သင့်တော်သော အရပ်မဟုတ်ချေ ..။ 
လေတိုးသံသဲ့သဲ့မျှမကြားရပဲ တိတ်ဆိတ်ခြောက်ခြားလွန်းလှသည်။ ရုတ်တရက်ကြည့်လိုက်လျှင် ငုတ်တုတ်ကြီးအိပ်ပျော်နေသော မကောင်းဆိုးဝါးကြီးနှင့်တူလေသည်။ 

အင်မတန်သတ္တိကောင်းလှပါသည်ဆိုသော ညီအစ်
ကိုနှစ်ယောက်လည်း တိုက်ပျက်ကြီးကိုယောင်လို့မျှ မကြည့်ပဲ မောင်းနှင်ခဲ့ကြလေသည်။ တိုက်ပျက်ကြီးကိုကျော်၍ စိတ်အေးမယ်ကြံရုံရှိသေး ..၊ နွားနှစ်ကောင်မှာ ` တဖူးဖူး `နှင့် နှာမှုတ်လျက် တစ်စုံတရာကိုလန့်နေကြလေသည်။ ထို့နောက် ရှေ့သို့ဆက်မသွားတော့ပဲ ပေတေတေကြီးလုပ်နေလေသည်။ 

ညီအစ်ကိုနှစ်ယောက်မှာ မြွေတို့၊ ကင်းတို့ကိုတွေ့၍ 
နွားများလန့်သည်ဟုထင်ကာ ကုန်းထလာပြီး လှည်းရှေ့သို့ကြည့်လေသည်။ 

" ဆွမ်းဆန်စိမ်းအလှူခံပါတယ်ကွယ် " 

ရုတ်တရက်မိမိတို့အနောက်မှ မိန်းမသံတခုကိုကြားလိုက်ရလေရာ ညီအစ်ကိုနှစ်ဉ်ီးစလုံးပြိုင်တူလှည့်အကြည့် အိုမင်းရင့်ရော်လှသော သီလရှင်အိုကြီးသုံးပါးကိုတွေ့လိုက်ရလေသည်။ သီလရှင်ကြီးများမှာ ခေါင်းပေါ်တွင် စကောများကိုရွက်ထားကြလေသည်။ စကောများပေါ်တွင် ဆန်ပုံများကိုတွေ့ရသကဲ့သို့ မုန့်ဆီကြော်များကိုလဲတွေ့လိုက်ရသည်။ 
ရုတ်တရက်မို့လို့ စံမြနှင့် စံလှတို့ညီအစ်ကိုလည်း အူကြောင်ကြောင်ဖြစ်သွားလေသည်။ မယ်သီလကြီးတပါးက ` ဟဲ့ ` ဟု ဆိုလိုက်သည်မှ သတိပြန်ဝင်လာကာ လှည်းလက်ရန်းတွင်ချိတ်ထားသည့် ဆန်ထုပ်လေးကိုဖြုတ်လိုက်ပြီး တရိုတသေလောင်းလှူလိုက်လေသည်။ မယ်သီလရှင်ကြီးသုံးပါးမှာ သာဓုအနုမောဒနာခေါ်ဆိုကြလေသည်။ ထို့နောက် ၎င်းတို့ညီအစ်ကိုနှစ်ယောက် အတန်တန်ငြင်းနေသည့်ကြားက မုန့်ဆီကြော်များကိုဝေငှခဲ့လေသည်။ 

စံမြလည်း မုန့်ဆီကြော်ထုပ်ကိုယူပြီး လှည်းလက်ရန်းတွင် ဆန်ထုပ်နှင့်အတူ တွဲချိတ်လိုက်လေသည်။ ထိုအခါ မယ်သီလရှင်ကြီးသုံးဉ်ီးမှာ မျက်စိမျက်နှာပျက်သွားလေသည်။ ငြိမ်သက်နေသော နွားများမှာ ပြန်လည်ဆူညံလာလေသည်။ စံလှကနှင်တံနှင့်တို့သော်လည်း ရှေ့သို့ခြေတလှမ်းမျှ မတိုးတော့ပေ ..။ မယ်သီလရှင်ကြီးသုံးပါးမှာ လှည်းနောက်တွင် မသွားသေးပဲ ငူငူကြီးရပ်နေလေသည်။ 

" ဘာကိုအလိုမကျရတာတုံး .. " 

စိတ်ဆတ်သော စံမြက ခါးထောက်ရင်း မေးမြန်းလိုက်လေသည်။ ထိုအခါ မယ်သီလရှင်ကြီးတဉ်ီးက လှည်းလက်ရန်းတွင်ချိတ်ထားသည့် မုန့်ဆီကြော်ထုပ်ကိုလက်ညှိုးထိုးပြကာ အသံသြသြကြီးနှင့် ` နင်တို့စားတာကြည့်ချင်လို့ ` ဟု ဆိုလေသည်။ 

ထိုတွင် အစ်ကိုလုပ်သူစံမြလည်း ညီဖြစ်သူစံလှကိုမေးဆတ်ပြကာ ` ကဲ .. သူတို့စိတ်ကျေနပ်အောင်စားလိုက်ကြစို့ ` ဟု ဆိုလိုက်သည်။ ထို့နောက် မုန့်ဆီကြော်ထုပ်ကိုပြန်ဖြုတ်လိုက်ပြီး သီလရှင်ကြီးများရှေ့ ပလုတ်ပလောင်းစားပြလိုက်ကြသည်။ 
ထိုအခါ မယ်သီလရှင်ကြီးသုံးပါးလည်း ဟက်ဟက်ပက်ပက်ရယ်မောကြလေသည်။ ၎င်းတို့၏ရယ်သံများမှာ ရင်ခေါင်းထဲမှလာသော ဝမ်းခေါင်းသံမျိုးဖြစ်၏။ သာမာန်လူတဉ်ီး၏ရယ်သံနှင့် နည်းနည်းမျှမတူ ..။ ဆိုရသော် လျှာမပါသည့် အဘိုးကြီးအိုတယောက် ဝါးလုံးကွဲရယ်သံမျိုးဖြစ်၏။ တဖြည်းဖြည်းနှင့် ကြောက်စရာကောင်းလာလေသည်။ စံမြနှင့် စံလှတို့ညီအစ်ကိုလဲ ကြက်သီးမွှေးညှင်းများထလာလေသည်။ ထို့ကြောင့် နှင်တံနှင့် ခပ်ဆတ်ဆတ်ရိုက်ရင်း ဇက်ကြိုးကိုဆောင့်ဆွဲကာ လှည်းကိုအပြေးနှင်လိုက်ကြသည်။ 
ခပ်လှမ်းလှမ်းသို့ရောက်သောအခါ ညီအစ်ကိုနှစ်ယောက်မတိုင်ပင်ရပါပဲ ပြိုင်တူလှည့်ကြည့်လိုက်ကြရာ တွေ့လိုက်ရသော မြင်ကွင်းကား ..၊ မယ်သီလရှင်ကြီးသုံးပါးမှာ စကောများကိုအောက်ချပြီး မိမိတို့၏ဉ်ီးခေါင်းများကိုလက်တွင်ပိုက်ကာ  
၎င်းတို့ကိုလှောင်ပြောင်နေကြလေသည်။ 

ထိုတွင် စံလှတို့လည်း ကြောက်စိတ်က ငယ်ထိပ်သို့ဆောင့်တက်သွားပြီး လှည်းကိုအပြင်းနှင်လေရာ 
ဖုန်လုံးကြီးတထောင်းထောင်းထသွားပြီး မန်ကျည်းစဉ်ရွာသို့ ရောက်မှန်းမသိ၊ ရောက်ရှိလာခဲ့ကြသည်။ 

ရွာထဲသို့ လှည်းကိုဒုန်းဆိုင်းစီးဝင်လာသော စံလှတို့ညီအစ်ကိုကို တရွာလုံးမေတ္တာပို့သကြလေသည်။ 
ထို့နောက် ` တခုခုတော့ .. တခုခုပဲ ` ဟု ဆိုကာ 
စံလှတို့လှည်းနောက်သို့ လိုက်သွားကြလေသည်။ 
စံလှတို့ကား သူဌေးကြီးဉ်ီးစိန်လှအောင်ရှိနေသော 
အလှူမဏ္ဍပ်ကြီးဆီသို့ဉ်ီးတည်ပြီး လှည်းကိုမောင်းသွားကြသည်။ ၎င်းတို့နောက်မှ လူများက တသီတသန်းကြီးလိုက်ပါလာခဲ့ကြသည်။ အလှူမဏ္ဍပ်ကြီးဆီသို့ရောက်လျှင် လှည်းကို` တုံ့ ` ခနဲရပ်လိုက်ကြလေသည်။ ထို့နောက် လှည်းပေါ်မှ အလျန်အမြန်ခုန်ဆင်းလိုက်ကြသည်။ သူဌေးကြီးဉ်ီးစိန်လှအောင်က 
၎င်းတပည့်များကိုတွေ့လျှင် အမြန်လျှောက်လာလေသည်။ စံလှတို့ညီအစ်ကိုနှစ်ယောက်လည်း သူဌေးကြီးဉ်ီးစိန်လှအောင်ကိုတွေ့လျှင် ` သီလရှင်သရဲတွေ .. သီလရှင်သရဲတွေ ` ဟု ဆိုကာ 
သတိလစ်သွားကြလေတော့သည်။ 

_________

ထိုအဖြစ်အပျက်များဖြစ်အပြီး သုံးရက်ခန့်ကြာသော် ကျွန်ုပ်နေထိုင်ရာ သပြေကုန်းရွာသို့ မြင်းနှစ်ကောင်ဆွဲသော ရထားလုံးတစီးမောင်းဝင်လာလေသည်။ ရွာထဲတွင်တွေ့ရသော ရွာသားအချို့ကိုမေးမြန်းကာ ကျွန်ုပ်အိမ်သို့ပေါက်ချလာလေသည်။ ကျွန်ုပ်အိမ်ထဲသို့တန်းမဝင်သေးပဲ ဝိုင်းဝမှနေ၍ ` ဆရာပိုင်ရှိသလား ` ဟု တကျော်ကျော်အော်ခေါ်နေလေရာ များစွာစိတ်မရှည်လှသော ကျွန်ုပ်မိခင်ကထွက်လာပြီး ` ကိုက်တတ်တဲ့ခွေး၊ မွေးမထားပါဘူး ..၊ ဝင်ခဲ့ကြပါလား ` ဟု ပြောဆိုလေသည်။ 

ထိုပုဂ္ဂိုလ်များမှာ ၎င်းတို့၏နာမည်များကိုမိတ်ဆက်ပြီး မန်ကျည်းစဉ်ရွာသားများဖြစ်ကြောင်းကိုပြောဆိုကာ ဆရာပိုင်ကိုလာပင့်ခြင်းဖြစ်ကြောင်းပြောပြသည်။ ထို့နောက် သူဌေးကြီးဉ်ီးစိန်လှအောင်အိမ်တွင် ကလေးမွေးနေ့အလှူလုပ်ပုံမှအစချီ၍ ဝက်သားဝယ်ရန်သွားသည့် ကိုစံလှနှင့် ကိုစံမြတို့ညီအစ်ကိုအား တိုက်ပျက်ကြီးမှသရဲများကခြောက်
လှန့်လွှတ်ပုံကိုပြောပြလေသည်။ ထို့ပြင် စံလှနှင့် စံမြတို့ညီအစ်ကိုမှာ ယခုအချိန်ထိ ငူငူငိုင်ငိုင်ကြီးဖြစ်နေပြီးလျှင် ညနေနွားရိုင်းသွင်းချိန်ရောက်သည်နှင့် တစ်စုံတခုကိုကြောက်ရွံ့ပြီး ခြံဝသို့လက်ညှိုးညွှန်ကာ ` မယ်သီလရှင်သရဲမတွေ မလာနဲ့ သွား .. သွား ` ဟု အော်ဟစ်ကြောင်းကိုလဲပြောပြ၏။ 

ထိုအခါ ကျွန်ုပ်လဲ လွန်စွာမှစဉ်းစားရကျပ်သွားပြီး " နေစမ်းပါဉ်ီး ကိုလှမောင် ..၊ ကိုစံလှတို့ညီအစ်ကိုက နေ့ခင်းဘက်တွေမှာကျ ဘာလုပ်နေသတုံး .. လူကောင်းအတိုင်းပဲလား ` ဟု မေးမြန်းလိုက်လေ၏။ 

" အို ဆရာလေးရယ် .. ဘယ်နှယ့်လုပ်လူကောင်းရမှာလဲ .. နေ့ခင်းဘက်တွေမှာ ငါတို့ကိုခေါ်နေတယ်လို့အော်ဟစ်ပြီး တိုက်ပျက်ကြီးဘက်ထွက်ထွက်ပြေးလို့ ဝိုင်းချုပ်ထားကြရပါတယ် " ဟု ဆိုလေသည်။ 

" ကဲ ဒါဆိုလဲ ကျုပ်လိုက်ခဲ့မယ် " 

" ဆရာလေးလိုက်ကုပေးမယ်ဆိုရင်တော့ ဝမ်းသာလှသဗျာ .. ကျေးဇူးတင်လိုက်တာဆရာလေးရယ် " 

ထို့နောက် ကျွန်ုပ်လည်း အိမ်တိုင်တွင်ချိတ်ထားသည့် ဆေးလွယ်အိတ်ကို ကောက်စွပ်လိုက်ပြီး ကိုလှမောင်တို့ထက်ဉ်ီးစွာ မြင်းရထားပေါ်သို့တက်လိုက်လေသည်။ ထို့နောက် တခွပ်ခွပ်နှင့် မြင်းခွာသံများကိုကြားလိုက်ရပြီး ရထားလုံးလေးမှာစတင်ရွေ့လျားသွားလာနေလေတော့သည်။ ကိုလှမောင်မှာ တောတန်းရှည်ကိုပတ်ပြီး တိုက်ပျက်ကြီးကိုရှောင်ကာ ရွာသို့သွားရန်လုပ်လေသည်။ သို့ရာတွင် ကျွန်ုပ်၏စေခိုင်းချက်အရ တိုက်ပျက်ကြီးရှိရာလမ်းဘက်မှ မန်ကျည်းစဉ်ရွာသို့မောင်းနှင်လာခဲ့သည်။ 
အင်မတန်အခြောက်အလှန့်ကြီးသည်ဟုနာမည်ကြီးသော တိုက်ပျက်ကြီးကား ကျွန်ုပ်အလာတွင် တိတ်ဆိတ်နေလေတော့သည်။ 

ကျွန်ုပ်တို့မန်ကျည်းစဉ်ရွာသို့ရောက်သော် ဘုန်းကြီးဆွမ်းဘုဉ်းပြီးခါစအချိန် နေ့လည်ခင်း(၁၁)နာရီခွဲခန့်သာရှိသေးသည်။ ကိုလှမောင်မှာ အလွန်တရာကျယ်ဝန်းသော ဝိုင်းကြီးတခုထဲသို့ မြင်းရထားကိုချိုးဝင်လိုက်သည်။ ထိုဝိုင်းကြီးထဲတွင် ပျာလောင်ခတ်မျှစည်ကားနေသည့် လူများကိုတွေ့ရပြီး ကိုလှမောင်ပြောစကားအရ ထိုသူများမှာ သူဌေးကြီးဉ်ီးစိန်လှအောင်၏အလှူတွင် ထမင်းလာစားကြသူများဖြစ်လေသည်။ ထိုသို့နှင့်မောင်းနှင်လာလေရာ အလုပ်သမားတန်းလျားတခုသို့ရောက်ရှိလာလေသည်။ ကိုလှမောင်ကဉ်ီးဆောင်ကာ ကျွန်ုပ်အား အိမ်တလုံးပေါ်သို့ခေါ်ဆောင်သွားလေသည်။ ယင်းအိမ်ပေါ်တွင် သွေးလေခြောက်ခြားနေသော လူနှစ်ယောက်ကိုဝိုင်းကာ လူများထိုင်နေကြလေသည်။ ကျွန်ုပ်တက်လာသည်ကိုမြင်လျှင် ထိုသူများဘေးသို့` ရှဲ ` သွားကြလေသည်။ ကျွန်ုပ်လည်း လုပ်စရာရှိသည်ကိုလုပ်ရန် ပြင်ဆင်လိုက်လေသည်။ ကိုစံလှတို့ညီအစ်ကိုမှာ ကျွန်ုပ်အားပြူးတူးပြဲတဲနှင့် လိုက်ကြည့်နေကြလေသည်။ ကျွန်ုပ်က ဘုရားစင်ပေါ်တွင် ဆီမီးသုံးတိုင်ထွန်း
လိုက်ပြီး ဆိုင်ရာဂါထာမန္တရားများကိုရွတ်ဆိုလိုက်
သည်။ ထိုတွင် ကိုစံလှတစ်ယောက်ရုတ်တရက်ယိမ်းထိုးလှုပ်ရှားလာပြီး နဖူးကိုလက်ဝါးနှင့် တဖြောင်းဖြောင်းရိုက်ကာ အပဝင်လာလေသည်။ 

" တိုက်ပျက်ကြီးက သရဲညီအစ်မတွေမလား ..၊ 
ဘာကြောင့်လုပ်တာလဲ "  

ကျွန်ုပ်ကမေးလိုက်၏။ ကိုစံလှမှာ ရုတ်တရက်မိန်းမသံကြီးပြောင်းလဲသွားကာ အသံခပ်အုပ်အုပ်ဖြင့် ` ပျော်လို့လုပ်တာ ` ဟု ပြောဆိုလေသည်။ ထိုအခါ ကျွန်ုပ်လည်း ဒေါသထွက်သွားပြီး 

" ပျော်လို့ပဲလုပ်ရတယ်ရှိသေး ..၊ မိစ္ဆာကောင် " ဟု 
ဆိုကာ ကြမ်းပြင်ကို ` ဖျန်း ` ခနဲ ရိုက်ချလိုက်လေရာ ကိုစံလှတဖြစ်လဲ ပယောဂကောင်မှာ ကျောကော့သွားလေတော့သည်။ ထို့နောက် ကျွန်ုပ်ကိုဤသို့ဆိုလေသည်။ 

" မင်းဘာကောင်လဲ ငါတို့သိတယ် ..၊ သည်တော့ ငါတို့ထွက်ပေးမယ် ..၊ အဲဒီအစား တို့ကိုအမဲသားကျွေး " 

" ဘယ်လောက်ကျွေးရမှာလဲ " 

" တစ်ယောက်သုံးပိဿာစီကျွေး " 

" မင်းတို့ကဘယ်နှယောက်လဲ " 

" သုံးယောက် " 

" သုံးယောက်ဆိုတော့ ကိုးပိဿာတောင် .. 
ငါမတတ်နိုင်ဘူး .. လူနာရှင်ကိုမေးပေးမယ် .. 
ကိုလှမောင် ဘယ်နှယ့်လဲ ခင်ဗျားတူတွေအတွက် 
ကျွေးနိုင်မလား " 

" ကိုးပိဿာကြီးများတောင် ကျုပ်လဲမတတ်နိုင်ပါဘူး ဆရာရယ် .. တစ်ယောက်၊ တစ်ပိဿာစီပဲ ကျွေးနိုင်မယ် .. သည့်ထက်ပိုလို့ မတတ်နိုင်တော့ဘူး " 

" ကဲ လူနာရှင်တွေက ဆင်းရဲတယ် .. တစ်ယောက်၊ 
သုံးပိဿာတော့ မတတ်နိုင်ဘူးတဲ့ .. တစ်ယောက်၊ 
တစ်ပိဿာဆီပဲ ကျွေးနိုင်မယ် .. ကျေနပ်ကြပါ " 

" တစ်ပိဿာလောက်ကတော့ အာဆွတ်၊ လျှာဆွတ်ရုံလောက်ပဲရှိတယ် .. အို မစောင့်နိုင်တော့ဘူး .. 
သည်ကောင်တွေကိုလိပ်ပြာနှုတ်မယ် " ဟု ဆိုကာ 
ကိုစံလှမှာ ရုတ်တရက်ထပြီး ၎င်း၏ညီကိုစံမြကို လည်မျိုညှစ်လေတော့သည်။ ထိုတွင် ကျွန်ုပ်လည်း  
ဒေါသအထွတ်အထိပ်ရောက်သွားပြီး 

" ခွေးလေးအရောဝင်လို့ တောင်တတ်၊ မြောက်တတ်လာမလုပ်နဲ့ .. ငါဆရာက သနားလို့တပိဿာစီကျွေးမယ်လုပ်တာကိုကန်းတတ်လို့ .. အမဲသားနဲ့ 
သရဲ၊ တစ္ဆေကိုချော့တာ အောက်လမ်းတွေအလုပ်ဟဲ့ .. ငါအောက်လမ်းမဟုတ်ဘူး " 

ထိုသို့ဆိုကာ ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး အပ
ဝင်စီးနေသူ၊ ကိုစံလှကို ` ဘိုင်း ` ခနဲ ပစ်ကန်လိုက်လေရာ အလွန်တရာရုပ်ဆိုးအကျည်းတန်လှသော သီလရှင်အိုကြီးတပါးမှာ အိမ်ဉ်ီးမှ တလိမ့်ကောက်ကွေးကျသွားလေတော့သည်။ 

" ခုချက်ချင်းပြန်ဝင်စမ်း .. လူနာကိုယ်ထဲကို " 

ကျွန်ုပ်က ထိုသို့အမိန့်ပေးလိုက်လေရာ ပယောဂလည်း လူနာ၏ခန္ဓာကိုယ်ထဲသို့တပြန်ဝင်ရလေသည်။ ထို့နောက် ကျွန်ုပ်က မခိုင်းရပါပဲ အလိုက်သိစွာနှင့်ပင် ခြေကိုဆင်းပြီး လက်ဝါး​ဖြင့် သပ်ချလိုက်၊ လွှင့်ပစ်လိုက်လုပ်နေလေသည်။ ကိုစံမြကိုလည်း ၎င်းအနီးသို့လာစေပြီး အထက်ပါအတိုင်း 
ခေါင်းစ၊ ခြေဆုံးသပ်ချလိုက်၊ လွှင့်ပစ်လိုက်လုပ်နေလေတော့သည်။ ထို့နောက်တွင် ကျွန်ုပ်ကိုစေ့စေ့မျှမကြည့်ရဲပဲ ဉ်ီးချကန်တော့ပြီးလျှင် ပြန်ထွက်သွားလေတော့သည်။ ပယောဂမိစ္ဆာထွက်သွားလျှင် ကိုစံလှနှင့် ကိုစံမြလည်း သတိပြန်ဝင်လာကာ ရေကိုတောင်းသောက်ကြလေသည်။ ကျွန်ုပ်က သာမန်ရေအိုးထဲကရေကိုမသောက်စေပဲ ဘုရားသောက်တော်ရေကိုသောက်စေလေသည်။ ထိုအခါ 
ညီအစ်ကိုနှစ်ဉ်ီးစလုံး မျက်လုံးကြီးများရဲလာကာ 
တဝေါ့ဝေါ့ထိုးအန်ကြလေသည်။ ၎င်းတို့အန်ထုတ်လိုက်သောအရာများကား မူလပုံစံမပျက်ပဲ ရှိနေသေးသည့် မုန့်ဆီကြော်ချပ်များပင်ဖြစ်လေတော့သည်။ 

#_ထီးတော်မိုး_အမရပူရ

မူရင်း ရေးသားသူအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

Comments