ကျောက်နှာခေါင်းပေါက်သိုက်


ကျောက်နှာခေါင်းပေါက်သိုက်

-----

"လှခင်ရေ..နက်ဖြန်အလှူရှိတယ်..တို့တွေကျောက်နှာခေါင်းပေါက်ကိုသွားကြရအောင်.."

"အေး..သွားကြမယ်.."

ကနုမာရွာမှာ ရှင်ပြုအလှူရှိသဖြင့် တစ်ရွာလုံးစည်စည်ကားကားရှိနေသလို အလှူမှာကူညီညာလုပ်ကိုင်ပေးသူများလဲ ပေါများနေကြသည်..။ တောရွာဓလေ့အရ တစ်အိမ်အိမ်မှာ သာရေးနာရေးဖြစ်ရင်တစ်ရွာလုံးကူညီကြသည့်ထုံးစံရှိသည်ကိုး..။

ဒီအထဲမှာမှ ချမ်းသာသူများကလဲ အလှူမှာဝတ်ရန်စားရန်ပြင်ဆင်နေကြသလို မရှိသူများကလဲငှားရမ်းဝတ်ဆင်ဖို့ပြင်ဆင်နေကြသည်..။ ယခုလဲ ကနုမာရွာမှ လှခင်နှင့် အေးမြတို့နှစ်ယောက်လဲ လက်ဝတ်လက်စားများငှားရမ်းဝတ်ဖို့စိတ်ကူးနေကြခြင်းဖြစ်သည်..။ 

လှခင်တို့နေသည့် ကနုမာ ရွာက ပင်လယ်ကမ်းခြေမှာဖြစ်သည်..။ရွာက တအားသာယာသလို အိမ်ခြေ ၅၀၀ ကျော်ရှိသည့်ရွာကြီးဖြစ်သည်.။ ရွာနောက်ဘက်မှာက ပင်လယ်ကမ်းခြေဘက်ဖြစ်သလို ရွာရှေ့ဘက်မှာက ကြာကန်လို့ခေါ်သည့် ရေကန်ကြီးနှင့် ရွာမှသုဿာန်ရှိသည်..။ ပင်လယ်ကမ်းခြေဘက်မှာက ချောင်းသာတို့ စက်စဲတို့လိုလှပသည့်ကမ်းခြေမျိုးတော့မဟုတ်ပဲ ကျောက်ဆောင်ကျောက်ကမ်းပါးများပေါများသည့်ကမ်းခြေဖြစ်သည်..။ အဲ့သည့်ပင်လယ်ကမ်းခြေမှ ကျောက်ဆောင်များမှာ လူနှာခေါင်းပေါက်နှင့်တူသည့် ဂူရှိသည်..။ ကျောက်နှာခေါင်းပေါက်ဂူဟုခေါ်ကြသလို ထိုဂူထဲမှ မနှယ် ဟုအမည်ရသည့်ဥစ္စာစောင့်တစ်ယောက်စောင့်သည့်သိုက်လဲရှိသည်..။

သိုက်ရှိသည်ဆိုတာကိုအစဉ်အဆက်ပြောလာကြခြင်းကြောင့်သိခြင်းဖြစ်သလို မနှယ် ကလဲလူတွေစီခဏခဏလာသည်..။ ပထမတော့ ဥစ္စာစောင့်မှန်းမသိကြပေမဲ့ ဘယ်မှာနေလဲမေးသည်နှင့် ကျောက်နှာခေါင်းပေါက်မှာဟုပြောခြင်းကြောင့် ဥစ္စာစောင့်မှန်းသိသွားရခြင်းဖြစ်သည်..။

ထိုကျောက်နှာခေါင်းပေါက်သိုက်နေရာကနေ ပင်လယ်ကွေ့အတိုင်းကြည့်လျှင် ကျိုက္ခမီ ရေလည်ဘုရားကိုလှမ်းမြင်ရသလို အဝေးမှကြည့်ရင် နွားလပို့နှင့်နွားကျောကုန်း လိုမျိူးမြင်ရသည်ဟု လူကြီးအစဉ်အဆက်ပြောကြသည်..။

အခုလဲ..ကျောက်နှာခေါင်းပေါက်သိုက်မှာ လက်ဝတ်လက်စားသွားငှားဖို့ လှခင်နှင့်အေးမြ တို့ပလုံးအသေးလေးတွေယူကာသွားကြသည်..။ ညနေစောင်းစမို့ ပင်လယ်လေကတဝှီးဝှီးတိုက်ကာ နွေအခါပေမဲ့ချမ်းစိမ့်စိမ့်ဖြစ်နေသည်..။

"မနှယ်ရေ..ကျုပ်တို့ရွာမှာ အလှူရှိတယ်တော့..အလှူမှာဝတ်ဖို့ကျုပ်တို့ တစ်ဆင်စာစီလောက် နှစ်ယောက်စာလိုချင်လို့..ကျုပ်တို့ကိုမနက်ဖြန်တစ်ရက်ငှားပါအုံး.."

"မနှယ်ရေ..ကျုပ်တို့မနက်ဖြန်မနက်လာယူမယ်နော်..ဒီမှာထည့်ဖို့ပလုံးလေးတွေထားခဲ့တယ်.."

ဝါးနဲ့ရက်သည့်ပလုံးလေးတွေချထားကာစိတ်အေးလက်အေးပြန်လာပြီး အလှုမှာကူလုပ်လိုက်ကြသည်..။ နောက်တစ်နေ့မနက်မှာတော့ ကျောက်နှာခေါင်းပေါက်ဂူရှေ့ကိုသွားကြည့်တော့ ပလုံးထဲမှာ နားကပ် ဆွဲကြိုး လက်ကောက် နှင့် လက်စွပ်တစ်ဆင်စာစီခွဲထည့်ထားတာတွေ့လိုက်ရသည်..။

"ကျုပ်တို့ မနက်ဖြန်မနက် ပြန်လာပေးမယ်နော်.."

"မနှယ်ဖို့လဲထမင်းနဲ့ဟင်းယူခဲ့မယ်.."

ဒီလိုနဲ့ အလှူပွဲမှာ မနှယ်စီက ငှားခဲ့သော လက်ဝတ်လက်စားတွေနဲ့ လှခင်နှင့်အေးမြတို့နှစ်ယောက် တောက်ပြောင်လှပနေကြသည်..။ လှခင်တို့နှစ်ယောက် ကျောက်နှာခေါင်းပေါက်သိုက်ရှိမနှယ်စီမှ လက်ဝတ်လက်စားငှားဝတ်တာကိုလဲ ရွာကလူများအံ့သြသလိုထူဆန်းနေကြသည်..။ အလှုပွဲပြီးသည့်နောက်နေ့မနက်မှာ မနှယ်ရဲ့လက်ဝတ်လက်စားတွေနဲ့ အတူ မနှယ်အတွက် ထမင်းနဲ့ဟင်းတွေချိုင့်နှင့်ထုပ်ကာသွားပို့လိုက်ကြသည်..။ ညနေဘက်သွားကြည့်ချိန်မှာတော့ ထားခဲ့သည့်ချိုင့်လေးကိုပြောင်စင်စွာဆေးကြောပြီးထားတာကိုပြန်တွေ့လိုက်ရသည်..။

ဒီလိုနဲ့ မိုးဦးကျရာသီရောက်ကာ စပါးစိုက်ချိန်ရောက်လာခဲ့ပြန်ပြီ..။ မိုးလေးတစ်စိမ့်စိမ့်နှင့် ကောက်စိုက်သမ များကလဲကောက်စိုက် ၊ ပျိုးနှုတ်သမားများကလဲ ပျိူးနှုတ် ၊ ပျိုးစည်းလိုက်ချနှင့်မိုးရွာနေပေမဲ့ လယ်ကွက်တွေထဲမှာ သီချင်းသံတစ်ညံညံနှင့် ပျော်ရွှင်နေကြသည်..။ တစ်ရွာလုံးရဲ့စီးပွားရေးကလဲ အဓိကကစိုက်ပျိုးရေးပဲမို့ စပါးစိုက်ချိန်ပျော်ကြသည်..။ စပါးသိမ်းချိန်လဲပြောကြသည်..။ ပင်လယ်နားနီးပေမဲ့ ငါးဖမ်းတာ တံငါလုပ်တာမျိူးက လက်ချိူးရေလို့ရသည်။

"ညီမတို့ရေ..အမလဲကူစိုက်ပေးမယ်.."

အသံကြောင့်ကောက်စိုက်သမများအဖွဲ့ကလှည့်ကြည့်လိုက်တော့ အသားဖြူဖြူနှင့် လုံချည်အဝါ အင်္ကျီအနက်ဝတ်ထားသောမိန်းမတစ်ဦး..။ပြောရင်းဆိုရင်းနဲ့ပဲ တစ်ခါထဲလယ်ထဲဆင်းကာ ဝင်စိုက်တော့သည်..။

"အမ ကိုမမြင်ဖူးဘူး..ဘယ်ရွာကလဲ.."

"ကျုပ်က ကျောက်နှာခေါင်းပေါက်က မနှယ်လေ.."

"ရှင်.."

"ဘုရားရေ.."

"အမလေး.."

တစ်ခဏအတွင်းအာမေဋိတ်သံဆူညံသွားကာ ကောက်စိုက်သမများအကုန်ကန်သင်းရိုးပေါ်တက်ပြေးကြတော့သည်..။ မနှယ် ဆိုတာ ကျောက်နှာခေါင်းပေါက်ဂူမှ ဥစ္စာစောင့်မှန်းသိနေကြတာဆိုတော့ တောသာတောင်သားတွေအဖို့အကြောက်ကြီးကြောက်ကြတာပေါ့..။ ကောက်စိုက်သမများအဖြစ်ကိုကြည့်ကာ မနှယ် ကတစ်ခိုးခိုးတခစ်ခစ်ရယ်ရင်း

"တော်တို့ကလဲ မကြောက်ပါနဲ့တော်..ကျုပ်ကဘာမှမလုပ်ပါဘူး..ဒီတိုင်းပဲလာတာပါ..လာ.
လာ..ကျုပ်ကူစိုက်ပေးမယ်..ပြန်လာခဲ့.."

ခပ်သန့်သန့်ရုပ်ရည်နဲ့အတူ ချိူချိုသာသာပဲခေါ်တာမို့ အကုန်လုံးကြောက်ကြောက်ရွံ့ရွံ့နဲ့ပဲလယ်ထဲပြန်ဆင်းလိုက်ကြသည်..။ တစ်မနက်အတွင်းမှာကိုပဲ မနှယ်နဲ့ ရင်းနှီးသွားကြကာ ထူးဆန်းသလိုကြောက်သလိုမဖြစ်ကြတော့...။

"ကဲ..နေ့လည်ထမင်းစားကြမယ်ဟေ့.."

ကောက်စိုက်အဖွဲ့ခေါင်းဆောင် မတင်ရီက ပြောလိုက်ရင်းကောက်စိုက်သမများက လယ်ကန်သင်းဆုံမှာဝိုင်းဖွဲ့ထိုင်လိုက်ကြသည်..။ ဒန်ထမင်းဘူးလေးတွေကိုယ်စီနဲ့ မပါမဖြစ် ငါးပိရည်ပါကြကာ တစ်ချို့ကလဲငါးကလေးချက် ၊ တစ်ချို့ကလဲတပ်စည်းရိုးဟင်း ၊ တစ်ချို့ကလဲ အတို့အမြှုပ်ကောင်းကောင်းပါကြတာမို့ ထမင်းစားမြိန်ကြသည်..။ မနှယ်ကလဲ အတူဝင်စားကာ မတင်ရီရဲ့ ငါးပိရည်ကိုကြည့်ပြီး

"တော့်ငါးပိရည်က နနွင်းမှုန့်မထည့်ဘူးလားတေယ့..ငါးမပါဘာမပါနဲ့ အရောင်မရှိဘာမရှိ အဆင်မပြေလိုက်တာ..ရော့ ရော့ ကျုပ်ဆီကနနွင်းမှုန့်ယူထည့်လိုက်.."

ပြောရင်းနဲ့ ကမ်းပေးတော့ မတင်ရီ ခင်မျာလဲ ဖက်ရွက်လေးနဲ့ထုပ်လာသည့်နနွင်းမှုန့်ထုပ်ထဲမှ အနည်းကိုထည့်ကာ ပိုတာကို ရင်ခံအင်္ကျီထဲညှပ်ထားလိုက်မိသည်..။ တစ်နေ့လုံးကောက်စိုက်ကူကာ ညနေ လယ်ထဲကတက်မှပြန်သွားကာ မတင်ရီ လဲအိမ်ပြန်လာခဲ့သည်..။

"အမ..ပြန်လာပြီလား..ရေချိုးတော့..ပြီးရင်ထမင်းစားကြမယ်.."

ညီမဖြစ်သူအပြောကြောင့် အတွင်းခန်းထဲဝင်ကာ ထမီရင်လျားဖို့အင်္ကျီချွတ်လိုက်စဉ်..

"ဒေါက်.."

တစ်စုံတစ်ခုပြုတ်ကျသံကြောင့်ကြည့်လိုက်မိတော့ ဖက်နှင့်ထုပ်ထားသည့်အထုပ်လေးတစ်ထုပ်..။ 

'သြော်..မနက်က မနှယ်ပေးတဲ နနွင်းမှုန့်ထုပ်ပဲ..ဟမ်..နနွင်းမှုန့်ကဘာလို့အသံမည်နေပါလိမ့်..'

နနွင်းမှုန့်ထုပ်က အသံကျယ်နေတာကြောင့် ကောက်ယူကြည့်လိုက်မိတော့ ဝင်းဝါနေသောရွှေတုံးလေးတစ်တုံး..။

"ညီမလေးရေ..အမေရေ...ကျုပ်ကိုမနှယ်က ရွှေပေးတယ်တော့.."

ဝမ်းသာမှူကြောင့် ထိန်းမရပဲ အသံကျယ်သွားကာ မတင်ရီတို့ကို ကျောက်နှာခေါင်းပေါက်သိုက်မှ မနှယ်ကရွှေပေးကြောင်းတစ်ရွာလုံးသိကုန်ကြတော့သည်..။ ထိုရွှေတုံးလေးကိုမြို့တက်ရောင်းတော့ ရွှေချိန် တစ်ကျပ်ခွဲသားလောက်ရှိတာမို့ ကာလပေါက်ဈေး ၅၀၀၀ ကျော်လောက်ရကာ မတင်ရီတို့မိသားစုလဲနေ့ချင်းညချင်းအဆင်ပြေသွားတော့သည်..။

နောက်နေ့မှာတော့ မနှယ်လဲရောက်မလာတော့..။ မနှယ်က သူစေတနာရှိသည့်သူကိုပေးတာပဲဟုပေါ့ပေါ့တွေးကာနေလိုက်ကြပေမဲ့ မကောင်းကြံစည်နေသူအချို့ကလဲရှိသေးသည်..။ သူတို့က ရွာလယ်မှ ကိုသာအေးတို့မိသားစု..။သူတို့မိသားစုက သားကလေးသုံးယောက်ရှိကာ အရွယ်လေးသိပ်မကွာသလို..မိသားစုကပြေပြေလ်ာလည်များပါပဲ..။ ဒါပေမဲ့လဲ ပြေလည်တိုင်းစိတ်ကောင်းရှိတာမဟုတ်လေတော့..ခုလဲကိုသာအေးတစ်ယောက်မကောင်းတာကြံစည်နေပြန်သည်..။

ညနေဘက်မှောင်ရီဖျိုးဖျချိန်...။
ကိုသာအေးတစ်ယောက် ကျောက်နှာခေါင်းပေါက်ဂူရှေ့ကိုရောက်နေသည်..။ ဂူရှေ့မှာ ဝါးတောင်းလေးတစ်ခုကိုချလိုက်ရင်း

"မနှယ်ရေ..ကျုပ်တို့မိသားစု မြို့ကိုမင်္ဂလာဆောင်သွားစရာရှိလို့ဗျာ..ကျုပ်မိန်းမနဲ့ ကျုပ်အမေအတွက် လက်ဝတ်လက်စားတစ်ဆင်စာစီလောက်လိုချင်လို့..ကျုပ်တို့မနက်ဖြန်မနက်လာယူမယ်နော်..မြို့ကပြန်ရောက်တာနဲ့ လာပေးပါ့မယ်ဗျာ.."

အေးစက်နေသောလေတစ်ချက်ကဝေ့ခနဲတိုက်ခတ်လာကာ ကိုသာအောင်တစ်ယောက်လဲပြန်သွားတော့သည်..။ နောက်တစ်နေ့ မနက်တွင်တော့ ကိုသာအောင်တို့လင်မယားနှင့် ကလေးတွေကမြို့ကိုရုတ်ချည်းပြောင်းသွားတော့သည်..။ရွာမှာကျန်ခဲ့တာက ကိုသာအောင့်အိဘနှစ်ပါး နှင့် မွေးထားသော နွားခြောက်ကောင်ခန့်သာ..။

"ကိုသာအောင်..တော်ဒီလောက်များတဲ့ပိုက်ဆံတွေဘယ်ကရတာလဲတော်..မဟုတ်မဟပ်တွေများလုပ်လာသလား.."

"မဟုတ်ပါဘူးကွာ..မင်းကလဲပူတတ်ရန်ကော..ကလေးတွေနဲ့အသားကျအောင်နေဖို့သာကြိုးစားစမ်းပါ.."

ကိုသာအောင်တို့မြို့ကိုပြောင်းပြီး တစ်ပတ်ခန့်အကြာ..နေ့လည်ဘက်ကိုသာအောင်အိပ်ပျော်နေစဉ်...

"သာအောင်..လူလိမ်..."

အေးစက်ခြောက်ကပ်နေသော အသံကြောင့် ကိုသာအောင်တစ်ယောက် ဘေးဘီဝဲယာကိုလှည့်ကြည့်လိုက်မိစဉ် မြင်လိုက်ရတာက အင်္ကျီအနက်နှင့်လုံချည်အဝါကိုဝတ်ထားသော မိန်းမတစ်ယောက်..။အေးစက်ကာ စူးရှသောအကြည့်များနှင့် ခါးထောက်ကာကြည့်နေသဖြင့် ကိုသာအောင်တစ်ယောက်မကျေမချမ်းဖြစ်သွားရသည်..။

"နင်ကဘယ်သူလဲ..ငါ့ကိုလူလိမ်လို့ပြောနေရအောင်.."

"ငါက မနှယ်..နင်ငါ့ဆီကယူသွားတဲ့ရတနာတွေပြန်လာထားပါ..မထားရင်ငါ့အဆိုးမဆိုနဲ့.."

"မထားနိုင်ဘူး..နင့်ဆီကယူထားတဲ့ဟာတွေအကုန် ငါရောင်းစားလိုက်ပြီ.."

နင်ကလိမ်ရုံတင်မကဘူး..ယုတ်ကန်းတဲ့အကောင်ပဲ..နင်အခုငါ့အပိုင်မှာမဟုတ်လို့မထိခိုက်ပေမဲ့..ငါ့ပိုင်နက်ရောက်ရင် နင်တို့မိသားစုအသေပဲမှတ်.."

ကြိမ်းဝါးသံကကြောက်စရာပေမဲ့ ကိုသာအောင်တစ်ယောက် မခိုးမခန့်ရီကာ

"နင်စွမ်းရင်လုပ်စမ်းပါ.."

ထိူအိပ်မက်ကိုတစ်ပတ်လောက်ရက်ဆက်မက်ပြီးနောက်တော့ ကိုသာအောင်တစ်ယောက်မမက်တော့..။ တစ်နှစ်လောက်ကြာတော့ ကိုသာအောင်တစ်ယောက်လဲမေ့မေ့လျော့လျော့ဖြစ်သွားတော့သည်..။ တစ်ခုသော နွေရာသီပိတ်ရက်မှာတော့ ကလေးသုံးယောက်လုံးက ကနုမာ ရွာမှ အဘိုးအဘွားများစီပြန်မည်ဆိုသဖြင့်..ကိုသာအောင့်ဇနီးနှင့်အတူပြန်သွားကြသည်..။ ကိုသာအောင်ကတော့ မြို့မှအလုပ်များမပြတ်သေးသဖြင့်ကျန်ခဲ့ရသည်..။

ကိုသာအောင့်ဇနီးနှင့်သားသုံးယောက်ရွာရောက်ပြီးနှစ်ရက်အကြာ..သားအငယ်ဆုံးမှာ ကောက်ခါငင်ကာဖျားတော့သည်..။ ဆေးထိုးဆရာခေါ်လဲမရပဲ ဖျားပြီးနှစ်ရက်အကြာမှာ အပူကြီးကာ တက်သွားပြီးသတိပြန်လည်မလာတော့..။သားအငယ်ဆုံးဆုံးပါးသွားတာကြောင့် ကိုသာအောင် လဲချက်ချင်းပင်ရွာပြန်လာရကာ အသုဘ ကိစ္စကိုစီစဉ်ရတော့သည်..။ သားအငယ်ဆုံးဆုံးပါးသွားပြီး ရက်လည်သည့်နေ့..အလတ်ကောင် ဖြိူးဝေတစ်ယောက် မိခင်အနားကပ်ကာ..

"အမေ..သားရွာထဲက ကောင်တွေနဲ့ရွာထိပ်သွားချင်လို့.."

"အေး အေး သွားလေ..အရမ်းမကြာနဲ့.."

မိခင်ခွင့်ပြုချက်ရတာနဲ့ ဖြိုးဝေတစ်ယောက် ရွာထဲမှအရွယ်တူကလေးများနှင့်ရွာအနောက်ဘက် ကြာကန်ဆီသို့လာခဲ့တော့သည်..။သူတို့ရည်ရွယ်ချက်က ကြာကန်မှကြာချိုးဖို့..။

"ကြာကန်က လှလိုက်တာကွာ..လာ..လာဆင်းကြမယ်.."

ကလေးများအလျိုလျို အင်္ကျီချွတ်ကာ ကန်ထဲဆင်းတော့ ဖြိုးဝေ လဲမနေသာပဲ..ဆင်းတော့သည်..။အေးမြနေသောရေနှင့်အတူ ကြာချိူးရင်းကန်လည်သို့ရောက်မှန်းမသိရောက်သွားရတော့သည်..။

"တော်ပြီ..တက်ကြမယ်ကွာ.."

ကလေးတွေအပေါ်တက်ကြတော့ ဖြိုးဝေလဲ ရေကူးပြီသွားရန်ကိုယ်ဖော့ပြီးခြေထောက်မြှောက်လိုက်စဉ်..

"ဟာ..ငါ့ခြေထောက်ကိုဘာကဆွဲထားလဲမသိဘူး.လုပ်ကြပါအုံး.."

.အတင်းပင်ရုန်းကန်နေပေမဲ့ အောက်မှဆွဲယူနေသောအရာကပိုပြီးကြမ်းတမ်းလာကာ ရေအောက်သို့စုန်းစုန်းမြုပ်သွားတော့သည်..။ထိုအဖြစ်ကိုမြင်ရသော ကန်ဘောင်ပေါ်မှကလေးများမှာလဲ..
.
"လုပ်ကြပါအုံး..ဖြိုးဝေ ရေနစ်နေပြီ.."

."ကယ်ကြပါအုံးဗျို့..ဖြိုးဝေရေနစ်နေလို့.."

ဆူညံနေသောကလေးများအသံကြောင့် ရွာထဲမှလူတစ်ချို့ရောက်လာပြီးရေထဲဆင်းရှာကြတော့သည်..။ ဖခင်ဖြစ်သူကိုသာအောင်လဲ ကြာကန်သို့ရောက်လာပေမဲ့ သူရောက်လာသည့်အချိန်မှာမြင်လိုက်ရသည်က အသက်မဲ့နေသောဖြိုးဝေ၏ အလောင်းသာ...။

သားငယ်ဆုံးပြီးမကြာခင်..သားလတ်ဆုံးပါးသွားသဖြင့်ကိုသာအောင်တို့လင်မယားခင်မျာ ပူဆွေးသောကရောက်ရရှာတော့သည်..။သားအလတ်ဆုံးပါးပြီး ရက်လည်ပြီးသွားသော်လည်း ကိုသာအောင်တို့မပြန်နိုင်သေး..။ ကိုသာအောင့်မိခင်မှာ မြေးနှစ်ယောက်စိတ်နှင့်ဗုံးဗုံးလဲသွားသောကြောင့်ဖြစ်သည်..။ မမာသောမိခင်ကိုထားခဲ့ပြီးပြန်ဖို့ရာမဖြစ်နိုင်သဖြင့် ရွာမှာဆက်နေကြရသည်..။

"သာအောင်ရေ..အဖေ..နွားတွေရေသွားချိုးလိုက်အုံးမယ်..သူတို့လဲရေချိုးမပေးရတာကြာပြီမဟုတ်လား.."

"အဖိုး..နွားရေချိုးရင်သားပါလိုက်မယ်.."

"အေး..လိုက်ခဲ့ကွာ.."

"ကျွန်တော်ပါလိုက်ခဲ့မယ်..အဖေ.."

ဒီလိုနဲ့ ကိုသာအောင်တစ်ယောက် အဖေဖြစ်သူ သားဖြစ်သူတို့နှင့်အတူကြာကန်သို့နွားရေချိုးပေးဖို့လာခဲ့ကြသည်..။ လယ်ကွင်းများမှဖြတ်လာတာမို့ ကြာကန်သို့ခဏနှင့်ရောက်သည်လေ..။ စပါးရိတ်ပြီးစလယ်ကွက်များမှာ ရိုးပြတ်များသာရှိနေသလို..ရိုးပြတ်နံ့သင်းသင်းလေးလဲဏနေသည်..။ အချိန်က ညနေလေးနာရီခန့်..။ ကိုသာအောင့် အဖေက နွားသုံးကောင်ဆွဲကာ ကိုသာအောင်က နှစ်ကောင်ဆွဲလာခြင်းဖြစ်သည်..။ နောက်ဆုံးမှာက သားအကြီးဆုံး ဖြိုးဇော် က ညာဘက်လက်ကောက်ဝတ်မှာ ကြိုးကိုချည်ကာဆွဲလာခြင်းဖြစ်သည်..။ရုတ်တရက် ဝှီးခနဲလေတိုက်သံနှင့်အတူ..

"ဝူး..ဝူး..ဝမ်းဘဲ.."

ကျယ်လောင်စွာအော်လိုက်သော နွားသံနှင့်အတူ ဖြိုးဇော်ချည်ထားသည့်နွားက ကဆုန်ပေါက်ကာပြေးတော့သည်..။ နွားကြိုးကိုလက်မှာချည်ထညးသော ဖြိုးဇော်မှာလဲ နွားနောက်မှတရွတ်တိုက်ပါသွားကာ ကိုင်ရိုက်လိုက်သည့်အတိုင်း..။ ရုတ်တရက်ဖြစ်သွားသော အခြေအနေမို့ ကိုသာအောင်တစ်ယောက်နွားနောက်ကိုချက်ချင်းပြေးလိုက်ပေမဲ့ လယ်ကွက်ကိုဖြတ်ပြေးသောနွားမှာတဟုန်ထိုးမို့ လိုက်မမှီပဲ..မှီသည့်အချိန်မှာတော့ နွယးနောက်မှပါသည့် သားဖြစ်သူဖြိုးဇော်ခင်မျာ သွေးအလိမ်းလိမ်းနှင့်သေဆုံးနေပေပြီ..။

ကိုသာအောင့် အိမ်မှာပဲသားသုံးယောက်ဆက်တိုက်သေဆုံးသွားတော့ ရွာထဲမှလူအများက သို့လောသို့လောထင်လာကြသည်..။ သားကြီးဖြစ်သူ ဖြိုးဇော် သေပြီး ရက်လည်ညမှာတော့ကိုသာအောင်တစ်ယောက် ထူးဆန်းသောအိပ်မက်ကိုမက်တော့သည်..။

"လုလိမ်သာအောင်..နင်မှတ်ပြီလား..ငါ့ကိုလိမ်လို့နင့်ကိုဒဏ်ပြန်ခတ်တာ..ပဲ.."

"နင်..ဥစ္စာစောင့်မမိနှယ်..ငါ့သားတွေကဘာအပြစ်ရှိလို့နင်သတ်တာလဲ.."

"နင့်ကိုသတ်မလို့ပဲ..နင်ကကံမြင့်နေတော့ ကံနိမ့်တဲ့နင့်သားတွေခံရတာပဲ.."

"အေး..ဥစ္စာစောင့်မ..ငါဆရာရှာပြီး နင့်သိုက်ကိုဖျက်ဆီးပြမယ်.."

"နင်ဖျက်ဆီးနိုင်တဲ့အချိန်မှာ ငါကကျောက်နှာခေါင်းပေါက်ဂူမှာမရှိတော့ဘူး..အထက်အမိန့်အရပိုကောင်းတဲ့နေရာရွှေ့ရတော့မှာ..နင်နဲ့ထပ်ကြုံလို့ နင်ကံနိမ့်နေတဲ့အချိန် နင့်ကိုငါသတ်အုံးမှာ..ဟား...ဟား..ဟား..."

"မကောင်းဆိုးဝါးမ..နင်.."

"ကိုသာအောင်..ကိုသာအောင်..တော်ဘာဖြစ်နေတာလဲ..ခြေကန်လက်ကန်နဲ့ယောင်နေလိုက်တာ.."

လှုပ်နိုးလိုက်သောမိန်းမဖြစ်သူကြောင့်ချွေးသီးချွေးပေါက်များကျကာ လန့်နိုးလာရသည်..။အပြင်ဘက်မှာက ရောင်နီပင်လာလုနေပေပြီ..။နောက်တစ်နေ့မိုးလင်းချိန်မှာတော့..

"ညက မနှယ်သိုက်ပြောင်းတာထင်တယ်..တစ်ညလုံးလှည်းသံတွေကြားတာအေ..အိပ်မရဘူး.."

"အေး..ကျုပ်လဲကြားတယ်..လှည်းငေါက်သံနဲ့ဆူညံနေတာပဲ.."

"နောက်ဆိုမနှယ်စီက တို့တွေ ငှားဝတ်လို့မရတော့ဘူးပေါ့အေ.."
.ကျောက်နှာခေါင်းပေါက်သိုက်မှ ဥစ္စာစောင့်မနှယ်တစ်ယောက် သိုက်ပြောင်းသွားသလို ဥစ္စာစောင့်ကိုကတိဖျက်သော ကိုသာအောင်တစ်ယောက်လဲ သားသုံးယောက် အသက်ကို ကျောက်နှာခေါင်းပေါက်သိုက်စောင့် မနှယ်ကိုပေးလိုက်ရတော့သည်..။

ထို့ကြောင့် မင်းမှာသစ္စာ ၊ လူမှာ ကတိဆိုသော စကားပုံသည် အလကားမဟုတ်သလို ကတိဖျက်မိသောကြောင့် အသက်ပင်ဆုံးရှုံးရသည်အထိပြန်ပြီးပေးဆပ်လိုက်ရပေတော့သည်..။

-----------------------

စာဖတ်သူအားလုံးကိုလေးစားချစ်ခင်လျှက်😍

                                           Writer-လရိပ်ညို💚
#လေးစားစွာcreditပေးပါသည်

Comments