ပါးစပ်သရမ်းမိလို့


ပါးစပ်သရမ်းမိလို့ 
~~~~~~~~~~~~~

သင်္ကြန်ပွဲတော်ကြီးလည်းပြီးသွားခဲ့ပြီ သင်္ကြန်
ဒုလ္လဘ လာဝတ်ကြသော တင့်နိုင်၏ သူငယ်ချင်း
များလည်း လူဝတ်လဲပြီးပြီး…။ နောက်နေ့ ရန်ကုန်
သို့ ပြန်ကြမည်ဖြစ်သည်။ ရန်ကုန်မှာ တစ်ရုံးတည်း
လုပ်ငန်းအတူတူ၊ အခန်းအတူတူနေ သူငယ်ချင်း
များလည်းဖြစ်သည်။ သပြေတန်းရွာသား တင့်နိုင်က
သည်နှစ် သူ့မိသားစုများ သင်္ကြန်မှာ အလှူလုပ်ပြီး
သူတို့ကိုပါ ရဟန်းခံပေးမည်။ရန်ကုန်မှ ရဟန်း
ခံလိုသူရှိက အတူလိုက်ခဲ့ရန် ပြောသဖြင့် ရန်ကုန်မှာ
မလည်မပတ်ချင်ကြသော ရန်ကုန်သား 
သူငယ်ချင်းများက တင့်နိုင်တို့ရွာသို့ လိုက်ခဲ့
မည်ဟုဆိုသည်။

သပြေတန်းရွာသို့ လိုက်ကြသူများက ဝင်းစိန်၊
မျိုးနိုင်၊ အောင်ဝင်း၊ ကံမြင့်၊ ကြည်သန်း၊ လှလှ၊
အေးအေးမူ၊ ခင်မာဆွေတို့ဖြစ်သည်။ အောင်ဝင်း
တို့အိမ်မှာ မီနီဘတ်(စ်)လေး တစ်စီးရှိသဖြင့် ဆီကို
ဝိုင်းခံပြီး ကားကို သပြေတန်းရွာသို့ ယူလာခဲ့သည်။
ရွာမှာ ငါးရက်နေသည်။ မျိုးနိုင်၊ အောင်ဝင်း၊
ကံမြင့်၊ တင့်နိုင်တို့က သာသနာ့ဘောင်သို့
ဝင်ခဲ့သည်။

ခွင့်အပိုမရသဖြင့် သုံးရက်သာဝတ်ပြီး လူဝတ်
လဲခဲ့ကြသည်။ ရွာမှာ တစ်ညအိပ်ပြီး နောက်နေ့
မနက် ရန်ကုန်ပြန်ကြမည်။ နောက်နေ့ ရုံးပြန်
တက်ကြရမည်ဖြစ်သည်။ အောင်ဝင်း၏ညီမ
အေးအေးမူသည် အစ်ကိုရဟန်းခံမည်ဖြစ်၍
လိုက်ခဲ့မည်ဆိုကာ သူ၏သူငယ်ချင်း လှလှနှင့်
ခင်မာထွေးတို့ကိုပါ အပါခေါ်ခဲ့သည်။

သို့ကြောင့် ယောင်္ကျားလေးခြောက်ယောက်နှင့်
မိန်းကလေး သုံးယောက်တို့ တစ်ခါမှ မရောက်
ဖူးသော တင့်နိုင်တို့၏ သပြေတန်းရွာသို့ လိုက်
လာခဲ့ကြသည်။ ရွာလုံးကျွတ် ကျွေးမွေးသော
ရဟန်းခံရှင်ပြုပွဲကြီးကို တစ်ခါမှ မကြုံဖူးဆိုကာ
ပျော်နေကြသည်။ ရွာသုံးလေးရွာကို ရောက်
အောင်စီတန်းလှည့်လည်သော ရှင်လောင်း
လှည့်ပွဲမှာ ကွမ်းတောင်၊ ပန်းတောင်ကိုင်သော
မိန်းကလေးအုပ်စုထဲတွင် ရန်ကုန်သူ လှလှ၊
အေးအေးမူ၊ ခင်မာထွေးတို့သုံးယောက်
ရွာသားတွေဝိုင်းကြည့်ရလောက်အောင်
လှပလွန်းနေသည်။

ဧည့်ခံပွဲရက်မှာ ဝက်သားနီချက်နှင့် ဧည့်ခံကျွေးမွေးသည်။
မျိုးနိုင်၊ အောင်ဝင်း၊ ကံမြင့်၊ တင့်နိုင်တို့ ရဟန်းဘောင်
ဝင်ရောက်သွားသည့်အချိန် ဝင်းစိန်နှင့် ကြည်သန်း၊
လှလှ၊ အေးအေးမူ၊ ခင်မာထွေးတို့က ရွာသင်္ကြန်
ရေကစားကြသည်။ ရွာ၏ လမ်းဆုံလမ်းခွများမှာ
ကျွေးမွေးသော စတုဒီသာများရှိရာ ရေကစားရင်း
လိုက်စားကြသည်။

မုန့်လုံးရေပေါ် သာကူ၊ ထမင်းဆိမ့်၊ သင်္ကြန်ထမင်း
စသည်ဖြင့် …မဏ္ဍပ်တစ်ခုပြီးတစ်ခု လိုက်စားကြသည်
နှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲမှာလည်း
တက်အားသရွေ့ ဝင်လှူပြီး…ဘိုးဘွားများကို
ဝင်ကန်တော့ကြသေးသည်။ ထိုနေ့ ညနေပိုင်း
တင့်နိုင်တို့ လေးယောက် လူထွက်လာကြသည်
နောက်နေ့ ရောက်တော့ မနက်စောစော ရန်ကုန်
ပြန်ရန် …ရွာမှာကျန်ခဲ့သော မိတ်ဆွေသစ်များကို
နှုတ်ဆက်ကြသည်။

ရှစ်နာရီခန့် ရွာမှထွက်လာခဲ့ကြသည်။ လမ်းက
ကားနှစ်စီးမရှောင်သာ ၊ ဂဝံကျောက်လမ်းဖြစ်သည်။
သုံးမိုင်ခန့် ရှည်သည်။ ထိုသုံးမိုင်ခန့်ရှည်သော
လမ်းဆုံမှာ …ရန်ကုန် မန္တလေး,လမ်းဟောင်းသို့
ရောက်သည်။ ဂဝံကျောက်လမ်း တစ်ဝက်ခန့်
အရောက်မှာ ရှေ့က လာနေသော ထော်လာဂျီ
ဘီးပေါက်သွားသည်အတွက် ဘီးဖြုတ်တပ်နေ
သဖြင့် ခဏရပ်ပြီး စောင့်နေလိုက်သည်။

"အောင်ဝင်း ငါအောက်ဆင်းပြီး အပေါ့သွားဦးမယ်"

"ငါပါလိုက်မယ် "

သူလိုက်မယ် ငါလိုက်မယ်နှင့် ယောင်္ကျားလေး
အားလုံး ကားအောက်သို့ ရောက်သွားသည်။
လမ်းဘေးမှာ လူနှစ်ဖက်နီးပါး ကုက္ကိုပင်ကြီး
တစ်ပင်နှင့် ဇီးချဉ်ပင်သုံးလေးပင် ပေါက်နေသည်။
မျိုးနိုင်၊ ဝင်းစိန်၊ ကြည်သန်းတို့ ကုက္ကိုပင်ကြီး
နောက်ဘက် ပြေးသွားပြီး အပေါ့သွားမည်အပြု
တင့်နိုင်က …

"ဟေ့ကောင်တွေ ဒီကိုပြန်လာ"

"ဘာဖြစ်လို့လဲကွ"

"လာပါ ဒီဘက်အပင်တွေ ခြုံတွေဘေးမှာပေါက်
အဲ့ဒီကုက္ကိုပင်ကြီးနား သွားမပေါက်နဲ့ "

"အပင်ကြီးတော့ လုံလုံခြုံခြုံရှိတာပေါ့"

"အဲဒီအပင်မှာ သရဲရှိတယ်…ဒို့ရွာလူတွေ ဒီအပင်
ကြီးကို ရှောင်ကြတယ်"

"မင်း ရန်ကုန်ရောက်တာပဲ လေးငါးနှစ်ရှိပြီ
သရဲရှိလား မရှိဘူးလား မင်း ဘယ်လိုသိလဲ"

"သရဲဆိုတာ …သူတို့မကျွတ်မလွတ်သမျှ
သူတို့နေတဲ့ အပင်မှာ စွဲစွဲမြဲမြဲနေတာပေါ့"

"ကျွတ်သွားလောက်ပါပြီ"

" ကျွတ်တာ မကျွတ်တာ အပထား ရှောင်တာ
ကောင်းတာပေါ့ သရဲတွေက သူနေတဲ့ အပင်ကို
အပေါ့လာစွန့်ရင် မကြိုက်ဘူးကွ"

"ဒီအပင်မှာ သရဲကြီး ရှိတယ်ဆိုရင် တို့ကားနဲ့
ခေါ်သွားမယ်၊ ရန်ကုန်ရောက်ရင် အပင် တစ်ပင်
ပင်မှာ နေခိုင်းလိုက်မယ်"

"ဟာ…ကံမြင့် …ဘာတွေလျှောက်ပြောနေလဲ
အဲ့ဒီလို မပြောကောင်းဘူးကွ"

"မင်းတို့ပဲ သရဲရှိတယ် မရှိဘူး ပြောနေတာ
အမြင်ကပ်လို့ သရဲကြီး ဒီသစ်ပင်မှာရှိရင်
ကားနဲ့ခေါ်သွားမယ်လို့ပြောတာ တကယ်ကို
ခေါ်သွားမှာ"

"ဟာ ဒီကောင် ပါးစပ်သရမ်းလိုက်တာ"

"ကဲ…စကားများမနေကြနဲ့ ဟိုရှေ့က 
ဘီးတပ်ပြီးလို့ လမ်းဘေးချပေးနေပြီ၊
ကားပေါ်တက်ကြတော့"

အားလုံး ကားပေါ်ရောက်သည်နှင့် ကားကို
ဆက်ပြီး မောင်းထွက်ခဲ့သည်။ မကြာခင်
ရန်ကုန်-မန္တလေးဟောင်းပေါ်ရောက်ခဲ့သည်။
လမ်းဟောင်းအတိုင်း ရန်ကုန်ဘက်သို့
မောင်းလာခဲ့သည်။ ကားပေါ်မှာ ကြည်သန်းက
နောက်ဆုံးအတန်းမှာ ထိုင်ဂစ်တာတီးပြီး
ကံမြင့်နှင့် မျိုးနိုင်တို့က သီချင်းဆိုနေကြသည်။
မိန်းခလေးများက ရှေ့ပိုင်းရှိ ခုံနားမှာထိုင်သည်။

အောင်ဝင်းက ကားမောင်းသည်။ ရေတာရှည်
မြို့လွန်တော့ ကားက ဘာကြောင့်မှန်းမသိ
စက်သံမမှန်ဖြစ်ပြီး ထိုးရပ်သွားသည်။ အောင်ဝင်းက
ကားစက်အကြောင်း အနည်းငယ် နားလည်
သဖြင့် စက်ကို အအေးခဏခံပြီး ဟိုနှိုက်
သည်နှိုက် လုပ်နေသည်။ 

"ကားက…ဘာမှဖြစ်တာ မဟုတ်ဘူး နှိုးကြည့်ဦးမယ်"

စက်နှိုးလိုက်သည်နှင့် ချက်ချင်းနှိုးသွားသဖြင့်
ရှေ့ကိုဆက်ပြီး မောင်းလာခဲ့ကြသည်။ တောင်ငူ
မြို့ကို ဝင်ကာနီး ကားစက်ဖောက်လာသလို
ကားပေါ်မှာ အပုပ်နံ့ကလည်း စူးစူးဝါးဝါးနံလာသည်။

"ဟာ နံလိုက်တာကွာ ခွေးသေကောင်ပုပ်ကြီး
ပါလာသလိုကို နံနေတာပဲ"

"ဟေ့ကောင် ကံမြင့် မင်းပါးစပ်သရမ်းလို့
လိုက်လာပြီလား မသိဘူး"

"မဖြစ်နိုင်ပါဘူး ငါက အပြောင်အပျက် ပြောလိုက်တာပါ"

"မှန်တွေ ဖွင့်လိုက်ကြကွာ ဟေ့ အောင်ဝင်း
အဲယားကွန်း ခဏပိတ်ထား ငါတို့မှန်တွေ
အကုန်ဖွင့်လိုက်မယ်"

"တော်တော် နံတယ်ကွာ ငါရှေ့ဆုံးမှာ
ကားမောင်းနေတဲ့ဆီတောင် အပုပ်နံက
စူးစူးဝါးဝါး ရောက်လာတယ်"

"တော်တော်နံတဲ့အပုပ်နံပဲ အစ်ကို အောင်ဝင်း
သူငယ်ချင်းတွေ ဘာလုပ်ခဲ့လို့ အပုပ်နံ့နံနေတာလဲ
ဘာတွေ သယ်လာတာလဲ ငါးပိနံလည်းမဟုတ်ပါဘူး"

"ဝေါ့ "

"ဟဲ့ အေးအေးမူ ကားပေါ်ကိုတော့ မအန်ချနဲ့ "

"ငါးပိနံ့ မဟုတ်ဘူးဟေ့ သရဲနံ့ သရဲနံ့"

"ဟိုကောင် ကံမြင့် ကုက္ကိုပင်မှာ သရဲရှိတာ
မယုံဘူးတဲ့ သရဲရှိတာမှန်ရင် ရန်ကုန်ကို
လိုက်ခဲ့လို့ ပါးစပ်သရမ်းခဲ့တယ် ဒါ့ကြောင့်
ငါစိတ်ထင် သရဲပါလာတာ ဖြစ်မယ်"

"ဟင် တကယ်ပြောတာလား"

"ဟ ငါက နင်တို့ကို ညာရမှာလား ဒီကောင်
တားနေရက်ကြားက ခေါ်ဖြစ်အောင် ခေါ်ခဲ့တယ်"

"ဟေ့ကောင် ကံမြင့် ဘယ်လိုလုပ်မလဲ
မင်း အိမ်ကို ခေါ်သွားမှာလား"

"ဟာ အောင်ဝင်း မင်းပါးစပ်ကြီးနဲ့ လျှောက်ပြော
နေတယ် မင်းတို့ပြောသလို မဟုတ်ပါဘူး အပုပ်နံ့က
ကားထဲမှာ ကြွက်တွေ ဘာတွေများသေပြီး
ပုတ်နေတာလားမှ မသိတာ ဝိုင်းရှာကြပါလား"

"ဘာကြွက်မှ မသေဘူး"

"နင်တို့ ငါ့ကိုခေါ်လာပြီးတော့မှ မခေါ်ဘူး
လုပ်နေတယ် နင်တို့ခေါ်လို့ ငါ လိုက်လာတာ"

ကားပေါ်မှ ငြိမ်ပြီး ထိုင်နေသော အေးအေးမူ
ထံမှ အသက်ကြီးကြီး အသံကြီး ထွက်လာသံကို
အားလုံးကြားလိုက်သည်။ 

"ဟင် အေးမူ ဘာဖြစ်တာလဲ"

"ငါ အေးမူမဟုတ်ဘူး သူခေါ်လို့ ငါလိုက်လာတာ
နင်တို့နဲ့ ငါလိုက်ခဲ့မှာ"

"ဟာ ဒီကောင် နောက်ပြောပြီး ပြောတာ
တကယ်ခေါ်တာ မဟုတ်ဘူး ကားပေါ်က
ဆင်းပြီး ပြန်ပါ"

"မပြန်ဘူး မပြန်ဘူး"

"လိုက်ချင်လဲ ကားအောက်ဆင်းပြီးလိုက်
ကျုပ်ခေါ်တာ မဟုတ်ဘူး ဒါ ကျုပ်ကား
ကျုပ် ခင်ဗျားကို တင်မသွားနိုင်ဘူး 
ကျုပ်ကားပေါ်ကဆင်း"

"ဘာ ပြောတယ်"

အေးအေးမူထံမှ ဝင်ရောက်ပူးကပ်နေသော
သရဲမက အောင်ဝင်းကို လက်ဆန့်ပြီး လက်ညှိုး
ထိုးလိုက်စဉ် အောင်ဝင်း နောက်လှည့်ပြောနေရာမှ
ကားစတီရာနှင့် ဘီးခွေပေါ် ခေါင်းနှင့် ပစ်ဆောင့်
သွားသည်။ သရဲမ ဝင်ပူးသည်ကို သိကတည်းက
ကားကိုရပ်ထားလိုက်သဖြင့် ကားမှောက်မည့်
ဘေးမှ လွတ်သွားသည်။

"မောင်း…အခုမောင်း ငါပါလိုက်မယ်"

အောင်ဝင်းလည်း လူမှာဝင်ပူးနေသော
သရဲမနှင့် စကားပြိုင်ပြောမနေတော့ဘဲ
ကားကို ဆက်ပြီးမောင်းခဲ့သည်။ တောင်ငူ
မြို့မဝင်ခင်မှာ ရွာလေးတစ်ရွာကို မြင်လိုက်
သလို၊ ဘုန်းကြီးကျောင်းကိုလည်း ကားလမ်း
အနီးမှာ တွေ့လိုက်သည်။ အောင်ဝင်းကားကို
ဘုန်းကြီးကျောင်းထဲဝင်သော လမ်းသို့
ခေါင်းလှည့်လိုက်သည်။

"မမောင်းနဲ့ …မဝင်နဲ့ …မဝင်နဲ့ "

အောင်ဝင်းက ကျောင်းဝင်းထဲအထိ ကားကို 
မောင်းဝင်ပြီး စက်သတ်လိုက်သည်။ ကိုရင်
လေးနှစ်ပါး ကားနားရောက်လာသည်။

"ကိုရင်…ဆရာတော်ရှိလား ဘယ်ကျောင်းမှာလဲ"

"ဆရာတော် အခုပဲ ဆွမ်းစားပြီးလို့ ကျောင်းပေါ်
တက်သွားပြီး အဲဒီကျောင်းကြီးပေါ်မှာ…ဆရာ
တော် ရှိတယ်"

"ကဲ အားလုံး ဆင်းမယ်၊ ဆရာတော်ကို 
ဝင်ဖူးကြမယ်"

"မဆင်းဘူး…မဆင်းဘူး"

"လာ…အခုဆင်းခဲ့ …ဆရာတော်ကို ဝင်ဖူးရမယ်"

ကားသံကြား၍ ဆရာတော်က ကျောင်းအောက်
ဆင်းလာသည်။ မျိုးနိုင်က ဆရာတော်ကို မြင်
လိုက်သည်အတွက် ကျောင်းလှေကားထိပ်မှာ
ရပ်နေသော ဆရာတော်အား သွားလျှောက်
တင်သည်။ဆရာတော်က ကားနားရောက်လာပြီး
ကားပေါ်မှ မဆင်းဘဲ ပေကပ်နေသော အေးအေးမူ
အား ဝင်ပူးကပ်နေသော သရဲမကို ကျောင်းပေါ်
လာခဲ့ရန် ခေါ်တော့သည်။ 

ဆရာတော်က ခေါ်သည့်အတွက် အေးအေးမူ
တုန်တုန် ချီချီနှင့် ဆင်းလာသည်။ ဆရာတော်က
ကျောင်းပေါ်သို့ ရှေ့မှကြွပြီး တက်သွားသဖြင့်
ဆရာတော်နောက်မှာ အေးအေးမူကိုထား၍
နောက်မှ အားလုံး လိုက်ခဲ့ကြသည်။ ဆရာတော်
က ဆက်တီပေါ်ထိုင်လိုက်သည်နှင့် အေးအေးမူ
မှလွဲ၍ အားလုံး ဘုရားနှင့် ဆရာတော်အား
ရှိခိုးလိုက်ကြသည်။

"ကဲ…မိန်းခလေးခန္ဓာကိုယ်မှာ ပူးကပ်
လိုက်ပါလာတဲ့ ဝိညာဉ်တစ္ဆေ ဘာအကြောင်း
ကိစ္စရှိလဲ …ဘုန်းကြီးကို လျှောက်စမ်း"

"သူတို့ထဲက တစ်ယောက်က သူတို့ကားနဲ့
လိုက်ခဲ့လို့ ပြောတဲ့အတွက် လိုက်လာခဲ့တာပါ"

"သူတို့ပြောတဲ့အချိန်က သင့်ကို ပြောတဲ့သူငယ်
မြင်လား"

"မမြင်ပါဘူး"

"သရဲထီး၊ သရဲမလိုကော ခွဲခြားခေါ်ခဲ့လား"

"မခေါ်ပါဘူး"

"ဘယ်လိုခေါ်လဲ"

"ဒီသစ်ပင်မှာရှိတဲ့ သရဲကြီးရှိရင် ရန်ကုန်
ခေါ်သွားမယ်လို့ နှစ်ကြိမ်ပြောပါတယ်"

သင်နားကြားလွဲလို့ဖြစ်မယ်…သူတို့
ခေါ်တာ သရဲကြီးလို့ခေါ်တာ…သရဲမလို့
ခေါ်တာမဟုတ်ဘူး"

"အဲ့ဒီအပင်မှာ ရှေးကရှိခဲ့တဲ့ သရဲကြီးက
ကျွတ်လွတ်သွားလို့ လွတ်နေတဲ့နေရာမှာ
ကျမဝင်နေတာ"

"သူတို့သိတာက အရင်ရှိခဲ့တဲ့ သရဲကြီးကို
ရှိရင် လိုက်ခဲ့လို့ပြောတာ …သင့်ကို ပြောတာမှ
မဟုတ်တဲ့အတွက် သင်လိုက်လို့ မဖြစ်ဘူး
လာတဲ့နေရာပြန်ပါ"

"ပြန်လို့ မဖြစ်ပါဘူးဘုရား"

"မပြန်ရင် ဘုန်းကြီး သင့်ကို ဘုရားနှုတ်ကပတ်တော်နဲ့
ချုပ်ပြီး…နေရာပြန်ပို့မယ် "

"မလုပ်ပါနဲ့ ဘုရား"

"မလုပ်စေချင်ရင် ပြန်မလား"

"သူတို့ခေါ်လာခဲ့တဲ့ နေရာကို ပြန်ပို့ပေးပါဘုရား"

"အံမယ်…သင်တို့လို သွားချင်ရာသွား
လာချင်ရာလာနိုင်တဲ့ တစ္ဆေသရဲတွေကိုများ
နေရာထိုင်ရာအရောက် ကားနဲ့ပြန်ပို့ပေးရမှာလား"

"ရေတာရှည် မြို့အလွန်ထိပို့ရင် ပြန်ပါ့မယ်ဘုရား
ရေတာရှည်က ဘိုးဘိုးကြီးကို ကြောက်လို့ပါ့ဘုရား"

"ဒါတော့ ကြောက်တတ်သားပဲ ရန်ကုန်ရောက်ရင်
ဆူးလေးဘိုးဘိုးကြီးတို့ ဗိုလ်တစ်ထောင်ဘိုးဘိုး
ကြီးတို့ ကျိုက္ကဆံဘိုးဘိုးကြီးတို့ လက်သွားအပ်
လိုက်ရင် ဂျွမ်းထိုးမှောက်ခုံဖြစ်တော့မယ်။
အခု…ဘုန်းကြီးမေတ္တာရပ်ခံတဲ့အတိုင်း နေရပ်ပြန်။
ဒီသူငယ်တို့က ရေတာရှည်မြို့အလွန်ထိ 
ပို့ပေးလိုက်။ ကားပေါ်မှာ ပါသွားရင်း
ပူးကပ်တာတို့ အပုပ်နံ့ပေးတာတို့ လုပ်
ဦးမှာလား"

"မလုပ်ပါဘူး ဘုရား"

"အေး အေး ကဲ သူငယ်လေးတို့ အချိန်လည်း
ရှိပါသေးတယ်…ကိုယ်က အမှားလုပ်ထားတာ
ဆိုတော့ရေတာရှည်မြို့အထွက်ထိ ပို့ပြီး 
…ကားတံခါးဖွင့်ပြီး ဆင်းခိုင်းလိုက်ပါ…
ဘုန်းကြီး ဒကာလေး …ဒကာမလေးတို့ကို
ပရိတ်ရေနဲ့ ပဋ္ဌာန်းရေ တစ်ခွက်စီ တိုက်လိုက်မယ်
ဒီဒကာမလေးကို ပူးကပ်ရာကခွာပြီး ကားပေါ်မှာ
သင်နေလိုရအောင် စီစဉ်ပေးမယ်၊ ဒကာလေး
ကျောင်းအောက်ဆင်းပြီး ပိတောက်ကိုင်းလေး
တစ်ကိုင်း တစ်တောင်လောက် ချိုးလာခဲ့"

ကံမြင့်က ကျောင်းအောက်ဆင်းပြီး 
ပိတောက်ခက်လေးတစ်ခက် ချိုးလာခဲ့သည်။
ဆရာတော်အား ဆက်ကပ်လိုက်သည်။

"ဒကာလေးပဲ ကိုင်ထားလိုက်၊ ကဲ…ကလေးမလေးမှာ
ပူးကပ်လာတဲ့ ဝိညာဉ်သရဲမ သင်ပိတောက်ခက်မှာ
ခိုနားပြီး …ဘယ်သူကိုမှ အနှောက်အယှက်
မပေးပဲ လိုက်သွား"

ဆရာတော် စကားဆုံးသည်နှင့် ပိတောက်ခက်
လှုပ်ခါသွားသည်ကို အားလုံးမြင်လိုက်သည်။
ဆရာတော်စွန့်ပေးလိုက်သော ရေသန့်တစ်
ပုလင်းကို အားလုံးမျှသောက်ကြသည်။

"အခုသောက်တာက ပရိတ်ရေ၊ ရော့ ဒီပုလင်းက
သင်္ကြန်တုန်းက ပဋ္ဌာန်းပူဇော်ထားတဲ့ ပဋ္ဌာန်းရေ
ပုလင်း ကားပေါ်ဆောင်သွား သရဲမကို ဆင်းခိုင်း
ပြီးတာနဲ့ ကားထဲမှ နည်းနည်းလက်နဲ့ တောက်ပြီး
ဖျန်းထားလိုက် "

"တင့်ပါဘုရား"

ဘုန်းကြီးကိုရှိခိုး၍ အောင်ဝင်းနှင့်လှလှတို့က
ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းပြီး ကျောင်းပေါ်မှ
ဆင်းခဲ့ကြသည်။ အောင်ဝင်းဘေးတစ်ဖက်ရှိ
လွတ်နေသော ခုံပေါ်မှာ ပိတောက်တစ်ခက်
ကို တင်ပြီး နောက်ကြောင်းလှည့်ကာ ပြန်
မောင်းခဲ့ကြသည်။ ရေတာရှည်မြို့ထွက်
ပြီးသည်နှင့် ကားကိုရပ်ကာ ပိတောက်ခက်ကို
လမ်းဘေးမှာ ချလိုက်သည်။

"ကဲ …ကိုယ်နေရာကိုယ် ပြန်ပေတော့"

ထိုကဲ့သို့ ပြောဆိုပြီးသည်နှင့် ကားခေါင်းပြန်လှည့်
ကာ ရန်ကုန်သို့ ပြန်ခဲ့ကြသည်။

"နောက်ကို ပါးစပ်သရမ်းဦး၊ ဟုတ်လားကံမြင့်
နံမည်သာ ကံမြင့် ကံကောင်းလို့ သရဲမယောင်္ကျား
မဖြစ်တာ"

"ဘယ်လိုလဲ မှတ်ပြီလား"

"တော်ကြစမ်းပါကွာ…ကြောက်ရတဲ့အထဲ
သရဲမ မပြန်ဘဲ ပြန်လိုက်လာမှ ဟုတ်ပေ့
ဖြစ်နေဦးမယ်"

"ဆရာတော်ကြီးပေးလိုက်တဲ့ ပဋ္ဌာန်းရေလည်း
ပက်ဖျန်းထားပြီးပါပြီ ဘယ်သရဲမှ မပါတော့ပါဘူး"

သူတို့လည်း အပူကင်းသွားပြီမို့ ဂစ်တာတီးလိုက်
သီချင်းဆိုလိုက်နှင့် ရန်ကုန်သို့ ညမှောင်မှောင်မှာ
ရောက်လို့ လာကြတော့သည်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ဧကန်မင်း

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ

Credit

စာဖတ်သူများစိတ်ရွှင်လန်းပါစေ

Comments